
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
ဧရာ၀တီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများကို ဧပြီ ၁၈ ရက်နေ့ညပိုင်းမှစတင်ပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့်ပါ ဆက်တိုက်ပစ်ခတ်နေသောကြောင့် ဒေသခံများစွာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ပန်းတောကြီး၊ ပန်းတောပေါက်၊ ဆီဆုံကုန်း၊ ဆင်သေ၊အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်းစသည့်ကျေးရွာများသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲကာ မီးလောင်မှုများဖြစ်ပေါ်နေသောကြောင့် တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများမှပြောသည်။
“ပန်းတောကြီးကျေးရွာ ဈေးကတော့ လက်နက်ကြီးကျပြီးမီးလောင်သွားပြီ။ တစ်ချို့ရွာက အိမ်တွေလဲ မီးလောင်တယ် ၊ လူတွေလဲ နေရပ်စွန့်ပြီးပြေးလာရတယ်။ ကျန်ခဲ့တဲ့သူတွေနဲ့လဲအဆက်အသွယ်မရတော့ဘူး”ဟု စစ်ဘေးရှောင်ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါကျေးရွာများမှ ဒေသခံများသည်လေးမျက်နှာမြို့၊ ဟင်္သာတမြို့နှင့်ငါးသိုင်းချောင်းမြို့များပေါ်သို့ တိမ်းရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိစစ်ကောင်စီတပ်စခန်းကို ဧပြီ ၁၇ရက်တွင် အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှကျေးရွာများဘက်သို့ လေကြောင်း၊ လက်နက်ကြီးများနှင့်ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ်သည်။
#လေးမျက်နှာမြို့နယ် #ကျေးရွာများ#စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက်နေသောကြောင့် #ဒေသခံများတိမ်းရှောင်နေရ #Ayeyarwaddy_Times