
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ အမြောက်တပ် ၃၄၄ ကို စစ်ကောင်စီက လူအင်အားတိုးချဲ့ချထားပြီး လုံခြုံရေး အပြည့်ယူထားကြောင်း သိရသည်။
ယခု ဧပြီ တတိယပတ်တွင် စစ်ကောင်စီက အမြောက်တပ် ၃၄၄အနီး ကင်းပုန်းချ လုံခြုံရေးယူထားပြီး အနီးနားကျေးရွာများဖြစ်သည့်မိဿလင်၊ ဆင်သေ၊ ဒရယ်ခုံ ကျေးရွာများအတွင်းသို့ အရပ်ဝတ်ဖြင့် ဝင်ရောက်ကာ စုံစမ်းထောက်လှမ်းမှုများလုပ်ဆောင်နေကြောင်း သိရသည်။
“အမတ ၃၄၄ အမြောက်တပ်ရင်းပတ်လည်မှာကင်းပုန်းတွေ ဇစ်ဇပ် ( zigzag) ချထားပြီးခံစစ်ပြင် ထားတာ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
ယမန်နေ့ ဧပြီ ၁၈ရက် နေ့လယ်ခင်းကလည်း ရေကြည်မြို့နယ် သရက်ပင်ကြီးစုရွာကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ထားပြီး အမြောက်တပ်မှနေ၍ အမြောက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီသည် မြေပြင်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် သရက်ပင်ကြီးစုရွာကို လက်နက်ကြီး ပစ်ခတ်ခဲပြီး ပုသိမ်လေတပ်ဌာနချုပ်အပြင် အခြား လေတပ်များမှ လေယာဉ်များပါသုံး၍ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ထို့အပြင်စစ်ကောင်စီက လေးမျက်နှာ အစပ်ကျေးရွာများကို လေကြောင်းတိုက်ခိုက်နေသည့်အတွက် ပန်းတောကြီးကျေးရွာနှင့်အနီးတစ်ဝိုက်ရွာမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရသည်။
ပန်းတောကြီးအနီးတစ်ဝိုက်ရှိ ပန်းတောပေါက်၊ ဆီဆုံကုန်း၊ ဆင်သေ၊ အောင်ဘော်၊ လှည်းကူး၊ ကွမ်းခြံကုန်ကျေးရွာမှပြည်သူများသည် ခရီးသည်ကား၊ နောက်ဖွင့်အိမ်စီးကားများဖြင့်ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ ဟင်္သတမြို့ပေါ်များသို့ စစ်ဘေးရှောင်လာနေကြောင်း သတင်းအထူးတပ်ဖွဲ့- ပုသိမ်ထံမှ သိရသည်။
#ရေကြည် #ငါးသိုင်းချောင်း #စစ်ကောင်စီ #အမြောက်တပ်၃၄၄ #ခံစစ်ပြင် #Ayeyarwaddy_Times