
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်
ငလျင်ကြောင့်ပျက်စီးသွားရသည့် တိုင်းနှင့်ပြည်နယ်ရှိ ကျောင်းပေါင်းနှစ်ထောင်ကျော်ရှိပြီး လာမည့် ပညာသင်နှစ် ၂၀၂၅ – ၂၀၂၆ ကျောင်းဖွင့်ချိန်အမီပြုပြင်ရန်လိုအပ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်းသိရသည်။
ယမန်နေ့က ဧပြီ ၁၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့ခြင်းဖြစ်ပြီး ကျောင်းဖွင့်ချိန်သည် ဇွန်လ ၁ ရက်နေ့ဖြစ်၍ နှစ်လအတွင်း စာသင်ကျောင်းများပြင်ဆင်ရန်လိုအပ်မည်ဖြစ်သည်။
“ အခြေခံကျောင်းတွေအမြန်ဆုံးပြန်လည်ပြုပြင်တည်ဆောက်ဖို့လိုအပ်တယ်။ ကလေးငယ်တွေ ကျောင်းဖွင့်ချိန်မှာ ပညာသင်ကြားနိုင်ဖို့လုပ်ပေးရမယ်။ ပြင်ဆင်ရမယ့်စာသင်ကျောင်းတွေ ခိုင်ခံမှုရှိဖို့ ကြပ်မတ်ရမယ်” ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
လာမည့် ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးပြင်ဆင်သွားမည်ဖြစ်၍ ထိခိုက် ပျက်စီး ခဲ့သည့် ကျောင်းများ၊ အဆောက်အအုံများကို အသေးစားပြင်ဆင်ခြင်း၊ အကြီးစား ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားထားသည်။
“ကျောင်းဖွင့်ချိန်က ဇွန်လ ၁ ရက်နေ့ဆိုတော့ ကျောင်းတွေပြင်လို့မပြီးရင် ယာယီတဲတွေ ဆောက်ပြီးတော့ ကျောင်းဖွင့်ဖို့ပြင်နေတယ်လို့သိရတယ်။ အဲ့ဒါက နေပြည်တော်ဘက်သိရတဲ့ အခြေအနေ” ဟု နေပြည်တော်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ပညာရေးဝန်ကြီးက လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေး အတွက်ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးရသည့် အန္တရာယ်ရှိ ကျောင်းအဆောက်အအုံများကို အမြန်ဆုံးစနစ်တကျရှင်းလင်းဆောင်ရွက်မည်ဟု ဆိုထားပြီး လက်ရှိ အချိန်အထိ ပြိုကျစာသင်ကျောင်းများအားလုံးကို စနစ်တကျ ဖယ်ရှားရှင်းလင်း ပြင်ဆင်နိုင်ခြင်း မရှိသေးပေ။
မတ်လ ၂၈ ရက်နေ့က အင်အားပြင်းထန်သောငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် စာသင်ကျောင်း ၂၅၁၄ ကျောင်းပျက်စီးကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ငလျင်ကြောင့်သေဆုံးသူ ၃၇၂၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၅ ဦး၊ ပျောက်ဆုံးသူ ၁၂၉ ဦးရှိကြောင်း ဧပြီ ၁၈ ရက်နေ့အထိ စာရင်းများအရသိရသည်။
ဓာတ်ပုံ – TSBM – The Spirit of Brotherhood Mission
#စာသင်ကျောင်းများ #ပြုပြင်ရန် #ကျောင်းဖွင့်ရာသီရောက်ရှိတော့မည် #ကျောင်းပေါင်း၂၀၀၀ကျော်ပျက်စီး #Ayeyarwaddy_Times