
ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ဒါဇင်နှင့်ချီသေဆုံးခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူများရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ယနေ့ ဧပြီ ၁၉ရက် နေ့လယ် ၁နာရီ ၁၀မိနစ်က ရေထွက်ရွာလယ်ဈေးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ၃နှစ်အောက် ကလေးငယ်များအပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“အလောင်းတွေက ထော်လာဂျီတစ်စီးအပြည့်ပဲ။ ဒဏ်ရာပြင်းထန်တာတွေများလို့ အသေအပျောက် ထပ်ရှိနိုင်တယ်။ ဆီဆိုင်ထိပြီး မီးတွေပါလောင်နေတယ်” ဟု သပိတ်ကျင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီကြဲချသည့်ဗုံးမှာ ရေထွက်ရွာစျေးရှိ ဆီဆိုင်ကိုထိမှန်ပြီး မီးများပါလောင်ကျွမ်းလျက် ရှိကြောင်း ဒေသခံများက ဆိုသည်။
“ဗုံးလာကြဲနေတာ ရက်ဆက်ပဲ။ လူတွေမထိလို့ ဒီနေ့ လူစည်တဲ့နေရာ တမင်ရွေးကြဲတာ။ စစ်တပ်က ဘာစည်းမျဉ်းစည်းကမ်းမှလိုက်နာတာမရှိဘူး။ အခုသေတာမှာ ကလေးငယ်လေးတွေပါတယ်။ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်တာ။ သူတို့ဘက်မှာ အောင်ပွဲခံနေကြတယ်” ဟု သပိတ်ကျင်း ဒေသခံက ဆက်လက်ပြောကြားသည်။
ထိုသို့ ဗုံးကြဲအပြီး စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချယ်နယ်များတွင် PDF နှင့်အကြမ်းဖက် အားပေးသူများသေဆုံးသည်ဟု ဝါဒဖြန့်ပြီး အောင်ပွဲခံရေးသားနေကြသည်။
စစ်ကောင်စီသည် ယမန်နေ့ ဧပြီ ၁၈ရက်နေ့ကလည်း စစ်ကောင်စီက သပိတ်ကျင်းရှိ လိပ်ကျရွာကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၃ ဦးအထိသေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက ရေထွက်ရွာကို ယမန်နေ့ ညနေပိုင်းကလည်း ပေါင် ၃၀၀ ဗုံးများဖြင့်တိုက်ခိုက်ခဲ့ပြီး ယနေ့ထပ်မံ၍ လူစည်ကားရာ ရွာလယ်ဈေးကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ- CJ
ပုံစာ- ဗုံးကြဲတိုက်ခိုက်ခံရသည့် ရေထွက်ရွာ
#သပိတ်ကျင်း #ရေထွက်ရွာ #စစ်ကောင်စီ #ဗုံးကြဲ #ပြည်သူ #ထိခိုက်သေဆုံး #Ayeyarwaddy_Times