ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

ရှမ်းမြောက်၊ လားရှိုးမြို့တွင်းသို့ ယနေ့ ဧပြီ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်သားများနှင့် လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့များ စတင်ဝင်ရောက်လာပြီဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။

ကိုးကန့်တပ် MNDAA နှင့် စစ်ကောင်စီတို့ ညှိနှိုင်းသဘောတူညီချက်အရ စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့များ လားရှိုးးမြို့တွင်းဝင်ရောက်လာပြီးနောက် MNDAA တပ်များ မြို့ပြင်တွင် တပ်စွဲထားမှုများ ရှိကြောင်း သိရသည်။

“စစ်ကောင်စီတပ်အချို့ ဒီမနက်က မြို့ထဲဝင်လာပြီး တပ်စွဲထားတယ်။ မနေ့ကတည်း နိုင်ငံရေးအကျဉ်း သားတွေနဲ့ ဝန်ထမ်းအချို့ မြို့ထဲကထွက်သွားကြပြီ။ မြို့ကို စစ်တပ်ဆီ ပြန်လွှဲပေးမယ်ဆိုတာ သိနေပေမယ့် ဘယ်နေ့ ဘယ်လိုပေးမယ်ဆိုတာ မြို့ခံတွေအနေနဲ့သေချာမသိရဘူး။ စစ်တပ်က ဒီနေ့ဝင်လာပြီ”ဟု လားရှိုးမြို့နေအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လားရှိုးမြို့ပြင်၊ ရပ်ကွက် ၁၂ ခု၏အပြင်ဘက် မယ်ဟန်မြို့ရှောင်လမ်းဆုံ၊ မူဆယ်ဘက်အထွက် အေတီ တံတားတို့တွင် မြို့ပတ်လည်အနှံ့တပ်စွဲနေရာယူထားသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ယခုလာမည့် ဧပြီ ၂၁ ရက်နေ့မတိုင်ခင် MNDAA တပ်များ မြို့တွင်းမှဆုတ်ခွာပြီးနောက် လားရှိုးမြို့တွင်း ရှိ နိုင်ငံရေးအကျဉ်း သားများနှင့် CDM ဝန်ထမ်းများ မြို့တွင်းမှ ထွက်ခွာသွားကြကြောင်း သိရသည်။

MNDAA နှင့် စစ်ကောင်စီကြားတွင် တရုတ်၏ ဝင်ရောက်ညှိနှိုင်းမှုကြောင့် MNDAA က လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးလိုက်ရသော်လည်း မည်သို့ ရှေ့ဆက်မည်ဆိုသည်ကို ဒေသခံများအား ထုတ်ပြန်ကြေညာခြင်းမရှိဟု လားရှိုးဒေသခံ တစ်ဦးက ဆိုသည်။

MNDAA တပ်များသည် လားရှိုးမြို့မှ ထွက်ခွာပြီး မြို့ပြင်ကျေးရွာများတွင် တပ်စွဲနေထိုင်မှုကြောင့် ဒေသခံများနှင့် ပဋိပက္ခဖြစ်ပွားနေပြီး စစ်ကောင်စီနှင့် နှစ်ဖက်အပစ်ရပ်စဲရေးအတွက် လားရှိုးမြို့တွင် MNDAA ၏ ညှိနှိုင်းရေးရုံးထားရှိသွားမည်ဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။

ပုံစာ- MNDAA တပ်များ လားရှိုးမြို့တွင်းမှ ဆုတ် ခွာပြီး မြို့ပြင်ကျေးရွာတစ်ခုအနီးတွင် တပ်စွဲနေစဉ်
#ရှမ်းမြောက် #လားရှိုး #စစ်ကောင်စီ #ဝင်ရောက် #နိုင်ငံရေးအကျဉ်းသားများ #မြို့တွင်းထွက်ခွာ #Ayeyarwaddy_Times