ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်

လားရှိုးမြို့အတွင်းသို့ “ဝ” တပ် UWSA နှင့် ကိုးကန့်တပ် MNDAA တို့ ပူးပေါင်း၍ လုံခြုံရေးပေးကာ စစ်ကောင်စီတပ်ကို ခေါ်သွင်းလာကြောင်း သိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) က ၎င်းတို့ သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို ယနေ့ ဧပြီ ၁၈ ရက်မှစတင်ပြီး စစ်ကောင်စီထံ တရားဝင်လွှဲပြောင်းမည်ဖြစ်သည့်အတွက် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များကို မြို့တွင်းသို့ အဝင်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“၂၂ ရက်နေ့မှာ ထပ်ပြီးဆွေးနွေးဖို့ရှိဦးမယ်။ လက်ရှိမှာတော့ အုပ်ချုပ်ရေးအဖွဲ့တချို့ကိုပဲ ပေးဝင်သေး တာ။ စစ်တပ်တပ်ရင်းလိုက် ဝင်လာတာတော့ မတွေ့ရသေးဘူး။ မြို့နားမှာ MNDAA ကတပ်စွဲထားတာ ဆိုတော့ အများကြီးညှိနှိုင်းမှု လုပ်ရမယ်ထင်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

လားရှိုးမြို့တွင်းသို့ ဝင်ရောက်‌နိုင်သည့် သီပေါ-လား ရှိုးလမ်းပိုင်း နောင်မွန်ကျေးရွာတွင်လည်း MNDAA နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် လမ်းပိတ်ဆို့ထားကြောင်း သိရသည်။

ထို့အပြင် တန့်ယန်း-မိုင်းရယ်-လားရှိုးလမ်းပိုင်းတချို့ကိုလည်း MNDAA က ယာယီလမ်းပိတ်ဆို့ပြီး တပ်များ လားရှိုးမြို့အတွင်းမှ ထွက်ခွာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ Y 12 လေယာဉ် နှစ်စီးဖြင့် လားရှိုးမြို့ ပတ်ဝန်းကျင်တွင် လှည့်ပတ်ပျံသန်းပြီး မြို့အတွင်းဝင်လာသည့် စစ်ကောင်စီတပ်ကို လုံခြုံရေးအပြည့်ယူပေးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် သုံးစင်းဖြင့် မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးအနီးတွင် လုံခြုံရေးယူပြီး ယမန်နေ့ညပိုင်းက ၁၂ ဘီးကားကြီးများဖြင့် လား ရှိုးမြို့အတွင်းသို့ ဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။

MNDAA တပ်များသည် လားရှိုးမြို့အတွင်းမှ ဆုတ်ခွာလာသော်လည်း မြို့ပြင်နှင့် သုံးမိုင်ခန့် အကွာတွင် လားရှိုးမြို့ကို ဝိုင်းပတ်ထားသည့်အနေအထားဖြင့် တပ်စွဲနေထိုင်မှုများရှိနေကြောင်း သိရသည်။

MNDAA သည် စစ်သုံ့ပန်းများကို လားရှိုးမြို့အတွင်းမှခေါ်ထုတ်ကာ မိုင်းရယ်နှင့် တန့်ယန်းမြို့များ တွင်ခွဲ၍ ထိန်းသိမ်းထားကြောင်း သိရသည်။

သို့သော်လည်း MNDAA ထိန်းချုပ်ထားသည့် စစ်သုံ့ပန်း ၃၂၀၀ ခန့်ကို စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးမည်ဆိုသည့် ညှိနှိုင်းချက်များရှိကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။

လက်ရှိတွင် MNDAA ၊ တရုတ်ကိုယ်စားလှယ်များနှင့် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင်များ သုံးပွင့်ဆိုင်ကာ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီက လတ်တလောတွင် အုပ်ချုပ် ရေးရုံးနှင့် လဝကရုံးများကို အလျင်အမြန်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။

ဓာတ်ပုံ-The Kokang
ပုံစာ- လားရှိုးမြို့ကိုသိမ်းပိုက်ပြီးနောက် လားရှိုးမြို့ပေါ်တွင် တွေ့ရသည့် MNDAA ရဲတပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#ရှမ်းမြောက် #လားရှိုး #UWSA #MNDAA #လုံခြုံရေးယူ #စစ်ကောင်စီ #ဝင်ရောက် #လေကြောင်း #Ayeyarwaddy_Times