ဧရာဝတီတိုင်းမ်
(မကွေး)၊ ဧပြီ ၁၈ ရက်

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မကွေးဗဟိုအကျဉ်းထောင်ရှေ့တိုက်ပွဲဖြစ်ပွား‌နေစဉ်အတွင်း ထောင်တွင်း တွင်လည်း တင်းမာမှုအချို့ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ် ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယနေ့ ဧပြီ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မကွေးအကျဉ်းထောင် နှင့် ရဲတပ်ရင်း-၂၅ ကို ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထောင်တွင်း၌လည်း အကျဉ်းဦးစီးဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုအချို့ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အဆိုပါ အခြေအနေတွင် ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှရှိ စစ်ကောင်စီလက်အောက်ခံ အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင် အပါအဝင် နိုင်ကျဉ်း နှစ် ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပြီး ငါး ဦးထက်မနည်း ဆေးကုသမှုခံယူနေရ ကြောင်းလည်း သိရသည်။

“အခုထိတော့ ထောင်တွင်းသွားလာမှုကအစ အားလုံးကိုတော့သူတို့(စကစ) ကတော်တော်လေး တင်းတင်းကျပ်ကျပ်ကိုမှ ထိန်းသိန်းထားတယ်။ အကျဉ်းသားတွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်ထားတယ်။ စစ်ဆေးစရာရှိတဲ့လူတွေကို စစ်နေတာရှိသလို အဲ့ဒီထဲ ပါဝင်ပတ်သက်ခဲ့သူလို့ သိရှိထားတဲ့သူတွေကိုလည်း နောက်အမှုအပြစ်‌ပေးမှုတွေကအစ ပြင်ဆင်နေတာရှိတယ်လို့ သိထား ရပါတယ်” PPNM မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ထောင်တွင်းရှိ အကျဉ်းသားအများအပြားကို နှိပ်စက်ညှင်းပန်းကာ စစ်ဆေးမှုများ ပြုလုပ်နေပြီး အချို့မှာ အသက်အန္တရာယ်ရှသည်အထိ နှိပ်စက်ခံရမှုများ ရှိနေကြောင်း သိရသည်။

မကွေးအကျဉ်းထောင်နှင့် ရဲတပ်ရင်း-၂၅ ကို ဒေါင်းစစ်အောင်(LPDF) အဖွဲ့နှင့် မဟာမိတ်အဖွဲ့များမှ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများလည်းရှိကာ ထောင်တွင်းမှ နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်နိုင်ရန် ရည်ရွယ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းလည်း ဒေါင်းစစ်အောင်(LPDF) အဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်

#မကွေးထောင် #တိုက်ပွဲ #နိုင်ငံရေးအကျဉ်းသား #သေဆုံး #စစ်ကောင်စီ #PPNM #Ayeyarwaddy_Times