ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်မှ မလွန်တပ်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မလွန်တပ်နယ်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ စစ်ယာဉ်တန်း လေးစီးကို ယခု ဧပြီ တတိယပတ်အတွင်းက အောက်ကိုင်းရွာနှင့် ချင်းကုန်းကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားပြီး သေဆုံးအလောင်းများကို ကန်တုတ်ဂိတ်တွင် မြေမြှုပ်သင်္ဂြိုဟ်သွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ပျူစောထီးနဲ့ ပြည်သူ့စစ်အများဆုံးသေကြတယ်လို့သိထားပါတယ်။ ညတွင်းချင်းမြေမြှုပ်သွားကြတယ် လို့ ပြောပါတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အပစ်ရပ်ထုတ်ပြန်ထားသည့်ကာလအတွင်း နတ်ရေကန် ဗျူဟာအနီး ကျေးရွာများတွင် စစ်ကြောင်းထိုးနေပြီး ပြီးခဲ့သည့် ဧပြီ ၁၀ရက်နေ့က ကျောက်ဆုံရွာအတွင်း စစ်ကြောင်းထိုးပြီး ရွာသားအချို့ကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဧပြီ ၆ရက်နေ့မှစ၍ နတ်ရေကန်ဗျူဟာကို သံပြားကာယာဉ်များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အင်အားဖြည့်ပို့ဆောင်လျက်ရှိသည်။

စစ်ကောင်စီက အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ပြီးနောက် AAနှင့် ထိတွေ့မှုရှိသည့် ရခိုင်-မကွေးအစပ်၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်- ဧရာဝတီအစပ်များကို စစ်ကြောင်းထိုးခြင်း၊ စစ်အင်အားဖြည့် တင်းခြင်းများပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

#ပဒါန်း #မလွန် #စစ်ကောင်စီ #စစ်ကြောင်းထိုး #ထိခိုက်သေဆုံး #Ayeyarwaddy_Times