
တိုင်းပြည်နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သော တော်လှန်ရေး အင်အားစုများထံ လူသားစာနာ အကူအညီများပေးရန် NUG နှင့် EROs တောင်းဆို
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
မြန်မာ့ငလျင် အကြောင်းပြချက်ဖြင့် အာဆီယံနှင့် စစ်ခေါင်းဆောင်တို့ တွေ့ဆုံရန်ရှိမှုသည် ပြည်သူ အတွက် အကျိုးဖြစ်ထွန်းမည် မဟုတ်သလို လက်တွေ့အခြေအနေမှန်နှင့်လည်း မည်သို့မျှ မကိုက် ညီသဖြင့် စိုးရိမ်ပူပန်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ (EROs)ထံက သိရသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယခုရက်ပိုင်းအတွင်း အာဆီယံခေါင်းဆောင်များက တွေ့ဆုံရန်ရှိနေပြီး ထိုသတင်းနှင့် ပတ်သက်၍ NUG ၊ EROs နှင့် တော်လှန်ရေး အင်အားစုများက ယနေ့ဧပြီ ၁၆ ရက် နေ့စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာတွင်လည်း ထိုသို့ထည့်သွင်း ဖော်ပြထားသည်။
“အဓိကကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူလူထုကိုလည်း ကိုယ်စားမပြုတဲ့၊ နိုင်ငံတစ်ဝန်းလည်း စိုးမိုးထိန်းချုပ်ထားနိုင်စွမ်းမရှိတဲ့ (စစ်ခေါင်းဆောင်) မင်းအောင်လှိုင်နဲ့ အစုအဖွဲ့ကို လက်ခံတွေ့ဆုံပြီး အကူအညီပေးရေးကိစ္စတွေ လုပ်မယ်ဆိုတာက အခြေအနေမှန်နဲ့ ဘယ်လိုမှမကိုက်ညီတဲ့ ကိစ္စ ဖြစ်တယ်” ဟု ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် အမှန်တကယ် ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက်လည်း မည်သည့်အကျိုးမှ ဖြစ်ထွန်းမည်မဟုတ်ဘဲ NUG အပါအဝင် အခြားသော တော်လှန်ရေး အင်အားစုများ၏ အခန်းကဏ္ဍကို လျစ်လျူရှု၍ စစ်ခေါင်းဆောင်နှင့် ဆက်သွယ်ဆောင်ရွက် နေဦးမည်ဆိုပါက ပြည်သူလူထု ပိုမိုဆင်းရဲ ဒုက္ခရောက်သွားလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
ထိုသိုတွေ့ဆုံရန်စီဉ်နေမှုသည် မြန်မာ့ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်များ ဆွေးနွေးရန်အတွက်ဟု သိရှိရပြီး NUG နှင့် EROs တို့ကလည်း တိုင်းပြည်၏ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သော ၎င်းတို့ကို ယင်းအကူအညီများ ထောက်ပံ့ပေးရန် တောင်းဆိုထားသည်။
စစ်ခေါင်းဆောင်နှင့် အာဆီယံ တွေ့ဆုံမည့်အပေါ် ပူးတွဲသဘောထား ထုတ်ပြန်ရာတွင် NUG အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီပြည်အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ (FRC)နှင့် အမည်မဖော်လိုသည့် အင်အားစုများ ပါဝင်ကြောင်း သိရသည်။
စစ်ကောင်စီသည် အပြစ်မဲ့ပြည်သူများကို မြန်မာ့နှစ်သစ်ကူးနေတွင်ပါမရှောင် နေ့စဉ်ရက်ဆက် တိုင်းပြည်၏ ဘဏ္ဍာဖြင့် ဝယ်ယူထားသည့် စစ်လက်နက်ကြီးငယ်၊ တိုက်လေယာဉ်များ၊ ဗုံးများဖြင့် ပစ်ခတ်သတ်ဖြတ်နေချိန်တွင် အာဆီယံခေါင်းဆောင်များက ငလျင်အကြောင်းပြ၍ စစ်ခေါင်းဆောင်ကို တွေ့ဆုံဆွေးနွေးမည့်အပေါ် အထူးစိုးရိမ်မကင်း ဖြစ်မိဟု NUG နှင့် EROs တို့က ဆိုသည်။
“တကယ်တမ်း လူသားစာနာ အကူအညီပေးတမ်းဆိုရင် ကျွန်တော်တို့က တိုင်းပြည်နယ်မြေအများစုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်။ အဲဒါကြောင့်မို့လို့ လူထုကိုလည်း ကိုယ်စားမပြု၊ တိုင်းပြည်ကို ကောင်းကောင်းမထိန်းချုပ်နိုင်တဲ့ လူတွေထက်စာရင် ကျွန်တော်တို့ကို ပိုဆက်သွယ် ဆက်ဆံဖို့ လိုတယ်” ဟု KNU ပြောခွင့်ရ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုမှသာ တကယ်လက်တွေ့ကျသည့် အလုပ်များ ဖြစ်လာမည်ဖြစ်ပြီး ငလျင်လှုပ်ခတ်မှု မတိုင်ခင် စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် ပြည်သူ သုံးသန်းမှ လေးသန်းအထိ အိုးမဲ့အိမ်မဲ့ ပြေးလွှားနေရမှု ကိုလည်း ကူညီပေးရန် လိုအပ်နေသလို စစ်ကောင်စီသည် အကြမ်းဖက်မှုများကို ကျူးလွန်ချိုးဖောက် နေသော တရားခံဖြစ်ကြောင်း ပဒိုစောတောနီးက ထောက်ပြပြောဆိုသည်။
စစ်ဘေးဒဏ်နှင့် မြေငလျင်ဘေးဒဏ်ကြောင့် အတိဒုက္ခရောက်နေသည့် ပြည်သူများကို ကူညီထောက်ပံ့ ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အရေးတကြီး ဆောင်ရွက်ရမည့်ကာလတွင် စစ်ကောင်စီက ပြင်ဆင်နေသော ရွေးကောက်ပွဲသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်မည့် ဦးစားပေး လုပ်ငန်းစဉ် မဟုတ်ကြောင်း NUG ၊ EROs နှင့် တော်လှန်ရေး အင်အားစုများက ထပ်လောင်းအသိပေး ထုတ်ပြန်ထားသည်။
ယင်းအပြင် မြန်မာပြည်အတွင်း အားလုံးပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် မြန်မာပြည်သူလူထု၏ လိုလားချက် မျှော်မှန်းချက်များကို ကိုယ်စားပြုသည့် သဘောထား ထင်ဟပ်စေနိုင်မည့် ( Myanmar-Owned and Myanmar-led process) ဖြစ်စေရန်အတွက် စစ်ခေါင်းဆောင်နှင့် တစ်ဖက်သတ် ဆက်ဆံဆောင်ရွက်မှုများကို အထူးသတိပြုသင့် ကြောင်း ၎င်းတို့က ဆိုသည်။
အာဆီယံခေါင်းဆောင်များအနေဖြင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို စစ်ခေါင်းဆောင်မှတစ်ဆင့် ပေးအပ်နေမည်ဆိုပါက နိုင်ငံရေးအရ အလွဲအသုံးချမည့် အန္တရာယ်ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အပြင်းအထန် ကန့်ကွက်ကြောင်း NUG ၊ EROs နှင့် တော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-ဧပြီး ၄ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောင်တွင် ကျင်းပသည့် ဘင်းမ်စတက် ထိပ်သီးအစည်း အဝေးတွင် တွေ့ရသည့် စစ်ခေါင်းဆောင်
#အာဆီယံ #စစ်ခေါင်းဆောင်မင်းအောင်လှိုင် #တွေ့ဆုံရန်ရှိမှု #ပြည်သူအတွက် #အကျိုးဖြစ်ထွန်း #စိုးရိမ်ပူပန်မှုများရှိ #Ayeyarwaddy_Times