ဧရာ၀တီတိုင်းမ်
ဧပြီ ၁၇ ရက်

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ဟာ ယနေ့ ဧပြီ ၁၇ ရက်နေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အဲ့ဒီလိုတွေ့ဆုံမှုဟာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေ ဖြစ်လာနိုင်ပေမယ့် မြန်မာနိုင်ငံမှာ ကြာရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ တိကျတဲ့ တိုးတက်မှု အနည်းငယ်သာ ရရှိနိုင်လိမ့်မယ်လို့ စောင့်ကြည့်သူ အများအပြားက ဆိုပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံကို ကူညီဖို့ စေလွှတ်ထားတဲ့ မလေးရှားကယ်ဆယ်ရေးအဖွဲ့ရဲ့ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေရယ် ၊ လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်တွေကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် နဲ့ အဓိက ဆွေးနွေးမှာ ဖြစ်တယ်လို့ မလေးရှားမီဒီယာတွေက ဆိုထားပါတယ်။

အန်ဝါဟာ မလေးရှားနှင့် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်းတောင်ပိုင်းရေကြီးမှုအခြေအနေကို ဆွေးနွေးဖို့ ထိုင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေး ပြုလုပ်နေစဉ်မှာပဲ မင်းအောင်လှိုင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“မင်းအောင်လှိုင်နဲ့ စကားပြောချင်ရင် ထိုင်းနိုင်ငံမှာ တာဝန်တွေ ပြီးဆုံးပြီဆိုရင် မလေးရှားကို တရားဝင် ဖိတ်ကြားသင့်ပါတယ်။ သူ (အန်ဝါ) က မြန်မာစစ်အာဏာရှင်ရဲ့ တရားဝင် ခရီးစဉ်ကို မလေးရှား ပြည်သူတွေက ကန့်ကွက်မှာကို ကြောက်လို့လား။ ပြည်တွင်း ထောက်ခံမှုနှုန်းကို ထိခိုက်စေမှာလား” ဟု ထိုင်းအတိုက်အခံ လွှတ်တော်အမတ် ကန်နဝီ (Kannavee Suebsang) က သူရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ မေးခွန်းထုတ်ခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်အနေနဲ့ မင်းအောင်လှိုင်ကို စကားပြောဖို့ အလွန်စိတ်အားထက်သန်နေတယ်ဆိုရင် နေပြည်တော်ကို သွားရောက်ပြီး မြန်မာနိုင်ငံမှာ တိုက်ရိုက်တွေ့ဆုံသင့်တယ်လို့ ၎င်းက ဆက်လက် ပြောကြားထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက် နဲ့ ၅ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက် မြို့မှာပြုလုပ်တဲ့ ဘင်းမ်စတက် အစည်းအဝေးကို တက်ရောက်ခွင့်ရခဲ့ပါတယ်။

အဲ့ဒီ အစည်းအဝေးကို တက်ရောက်လာတဲ့ မင်းအောင်လှိုင်ဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါရဲ့ အကြံပေးဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် တိတ်တဆိတ် တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ် ရဲ့ ဖခင်ဖြစ်ပါတယ်။

ကိုးကား – Thai PBS World
Ref; Expectations low for Anwar’s meeting with Min Aung Hlaing in Bangkok

#Ayeyarwaddy_Times