
ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်
အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပြီး ရက်နှစ်ဆယ်ကျော်ကြာသည့်အထိ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အခြေပြုကာ ငလျင်ထပ်မံလှုပ်ခတ်ပြီး ဒေသခံများအပါအဝင် ပတ်ဝန်းကျင်မြို့များ အထိသိသိသာသာခံစားရကြောင်း သိရသည်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၏ တောင်- အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာတွင် အနက် ၁၁ ကီလို မီတာမှ ပြင်းအား ၄ ဒသမ ၆ ရစ်ခ်တာစကေးအဆင့်ရှိငလျင်သည် ယနေ့ ဧပြီ ၁၇ ရက် ( နှစ်ဆန်း တစ်ရက်နေ့) တွင် ထပ်မံလှုပ်ခတ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုအရှိန်ကို မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အပါအဝင် ပြင်ဦးလွင်မြို့အထိ ခံစားရပြီး ငလျင်ဒဏ်ထိပြိုလက်စ အဆောက်အအုံ၊ တိုက်အိမ်များ ပြိုကျမည်ကို စိုးရိမ်နေကြောင်းသိရသည်။
” ခုနကငလျင်လှုပ်တာသိသာတယ်။ အိမ်ကမှန်တွေ ဂျောင်း ဂျောင်းနဲ့ မြည်တယ်။ တောင်ပေါ်မှာတောင် သိသာတယ် ” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထိုသို့ ငလျင်ဒဏ်ကြောင့် ထိခိုက်မှုများ ခံစားနေရသည့် မန္တလေး နှင့် နေပြည်တော်တွင် လာမည့် ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်းအထိ ခန့်မှန်းချက်အရ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်ဖြစ်ကြောင်း မိုး/ဇလ က အသိပေးထားသည်။
ပြီးခဲ့သည့် မတ်လ ၂၈ မှ ဧပြီ ၁၇ ရက်နေ့အထိ ငလျင်လှုပ်ခတ်မှုပေါင်း အကြိမ် ၁၄၀ လှုပ်ခတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။
စစ်ကောင်စီ၏ ဧပြီ ၁၆ ရက်နေ့ အထိထုတ်ပြန်ချက်များအရ တိုင်းနှင့်ပြည်နယ် ခြောက်ခုတွင် ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃၆၆၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၈၂၅ ဦး၊ ပျောက်ဆုံးသူ ၁၂၅ ဦးရှိပြီး အဆောက်အအုံများပိတ်မိမှုအောက်မှ ကယ်ဆယ်ရာတွင် ၆၅၃ဦး အသက်ရှင်၍ ၇၅၂ ဦးသေဆုံး ကြောင်းသိရသည်။
ဓာတ်ပုံ – MFS
ပုံစာ – မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျသွားသော အဆောက်အအုံများ
#မန္တလေး #ပုသိမ်ကြီး #ငလျင်ထပ်မံလှုပ် #Ayeyarwaddy_Times