ဆောင်း/ဧရာဝတီတိုင်းမ်
ဧပြီ ၁၇ ရက်

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဗိုလ်ကြီးတစ်ဦးအပါအဝင် ငါးဦးကို WY စာတန်းပါစိတ်ကြွဆေးပြား ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ကျော်နှင့်အတူ ဖမ်းဆီးရမိကြောင်း ပုလောဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့က ပလောက်မြို့ အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းရှိ ဗိုလ်ကြီး စိုင်းထက်ကျော်မိုး အမည်ဖြင့် ရောက်ရှိလာသည့် ပါဆယ်ထုတ်ကို တိုင်းဗဟို ၁၂ လုံခြုံရေး ဂိတ်က ဖွင့်ဖောက်စစ်ဆေးရာ WY စာတန်းပါစိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် WY စာတန်းပါစိတ်ကြွဆေးပြား တစ်သိန်းရှစ်သောင်းကျော်၏ ကာလတန်ဘိုးငွေ ၅၄၀,၀၀၀,၀၀၀ (သိန်းပေါင်းငါးထောင့်လေးရာ) ကျပ်ခန့်ရှိကြောင်းသိရသည်။

“စိုင်းထက်ကျော်မိုးဆိုတဲ့ ဗိုလ်ကြီးက ကျောင်းအုပ်ကြီးနဲ့ စစ်နယ်မြေမှူးအတွက် ငွေရှာပေးနေတဲ့သူပဲ။ သူ့ကြောင့် ဆေးစွဲနေတဲ့သူတွေလဲ ပုလောမှာမနည်းဘူး။ သူနဲ့ ဆက်စပ်ပြီး အခု လောလောဆယ် ငါးဦးဖမ်းမိထားတယ်။ ဆက်ပြီးတော့လည်း ကွင်းဆက်တွေစုံစမ်းနေတယ်”ဟု ပုလောမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ဗိုလ်ကြီး စိုင်းထက်ကျော်မိုးသည် ပလောက်မြို့ တိုင်းဗဟို ၁၂ ရှိပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို သင်တန်းပေးနေသူဖြစ်ပြီး ၎င်းမှတစ်ဆင့် ကွင်းဆက်များကို ဆက်လက် ရှာဖွေစုံစမ်းရာ ပုလောမြို့မှ ဇင်ကိုဌေး၊ ဟိန်းစိုး၊ ဟိန်းထက်ကိုကို၊ ချစ်ဝမ်းကိုကို၊ သူရဇော်တို့ ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ပုလောမြို့ခံများထံမှ သိရသည်။

“လောလောဆယ် အရာရှိ ဗဟိုကင်းမှာချုပ်နှောင်ထားတယ်လို့သိရတယ်။ သူအခန်းထဲမှာ မူးယစ် ဆေးသုံးစွဲတဲ့ ပစ္စည်းတွေလည်း တွေ့တယ်။ အရင်ကတည်းက သူမူးယစ်ဆေးဝါးသုံးနေတာကို မြို့ပေါ်က အစ အတော်များများသိတယ်။ ပုလောမြို့က မိန်းခလေးအချို့ကိုလဲ သူဖျက်ဆီးတာ မြင်တွေ့နေရတယ်။ ပြီးတော့ သင်တန်းက လူငယ်တွေကိုလည်း ဆေးတွေရောင်းတယ်”ဟု ပုလောမြို့ခံတစ်ဦးက ဆက်လက် ပြောသည်။

လက်ရှိ ဗိုလ်ကြီး စိုင်းထက်ကျော်မိုးအား တိုင်းဗဟို ၁၂ တွင် ဖမ်းဆီးစစ်ဆေးနေပြီး ကျန် တရားခံ ပုလောမြို့ခံ ငါးဦးကို ခလရ ၂၈၅ ဗဟိုကင်း၌ ဖမ်းဆီး၍ စစ်ကောင်စီတပ်က စစ်ဆေးနေကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ/ လူမှုကွန်ရက်
ပုံစာ-ပလောက်မြို့ တတက အမှတ် ၁၂ (ပုံဟောင်း)

#ပုလော #WYပါစိတ်ကြွဆေးပြား #တစ်သိန်းရှစ်သောင်းကျော် #ဗိုလ်ကြီးအပါအဝင် #ငါးဦးဖမ်းဆီးရမိ #Ayeyarwaddy_Times