
(ဟားခါး)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် တစ်လနီးပါးကြာ လျှပ်စီးမီးပြတ်တောက်နေသည့်အတွက် မီးသွေးစျေးမြင့်တက်နေကြောင်း ဒေသခံများထံက သိရှိရသည်။
ဟားခါးမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့မှစ၍ လျှပ်စစ်မီးပြတ်တောက်နေခြင်းဖြစ်ပြီး ယနေ့ထိ လျှပ်စစ်မီးမရသေးခြင်း ဖြစ်သည်။
ဟားခါးမြို့တွင် လျပ်စစ်မီးမရရှိသည့်အတွက် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် မီးသွေးကို ပိုမိုအသုံးပြုလာသည့်အတွက် မီးသွေးစျေးမြင့်တက်ရခြင်းဖြစ်သည်။
“ဟားခါးမှာ လျှပ်စီးမီးမရတာ တစ်လပြည့်တော့မယ်။ လျပ်စစ်မီးမရတော့ အိမ်မှာချက်ပြုတ်တဲ့ခါ အရမ်းခက်ခဲဖြစ်တယ်။ မီးသွေးကလည်း စျေးကြီးပေးဝယ်ရတယ်။ ဒါတောင်မှ ဆိုင်တိုင်းမှာ မီးသွေး ဝယ်ယူလို့ရတာ မဟုတ်ဘူး” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လျပ်စစ်မီးရရှိစဥ်က ဟားခါးမြို့တွင် မီးသွေးအိတ် တစ်အိတ်လျှင် ၂၅,၀၀ ကျပ်ရှိရာမှ လက်ရှိတွင် မီးသွေးတစ်အိတ်လျှင် ၄၀,၀၀၀ ကျပ်မှ ၄၅,၀၀၀ ကျပ်ကြားရောင်းချနေကြောင်း သိရသည်။
“အရင်ကလို နိုင်ငံရေးမကောင်းတော့ တောတောင်ထဲသွားပြီး မီးသွေးဖုတ်တာတွေ မရှိတော့ဘူး။ မသွားရဲကြတော့ဘူး။ ဒါကြောင့်လည်း မီးသွေးက ဟားခါးမှာ ရှားပြီး စျေးကြီးနေတာ။ အခုမီးသွေးက စစ်ကိုင်းဘက်ကနေ တင်သွင်းတဲ့ဟာတွေပါ” ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဟားခါးမြို့တွင် လျပ်စစ်မီးမရရှိသည့်အတွက် လျပ်စစ်မီးကို အသုံးပြု၍ လှည်ပတ်နေသည့် တစ်နိုင်တစ်ပိုင် စီးပွါးရေးလုပ်ငန်းရှင်များလည်း အခက်တွေ့နေကြောင်း သိရသည်။
#ဟားခါးမြို့ #လျှပ်စီးမီး #မရရှိသည့်အတွက် #မီးသွေးစျေးမြင့်တက် #Ayeyarwaddy_Times