
ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
မြန်မာ့နှစ်သစ်ကူးအခါသမယ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်နေ့၌ ပြင်ဦးလွင်မြို့တွင် ရေလောင်းသူနှင့်ရေပက်ခံထွက်သူများစည်ကားနေကြောင်းသိရသည်။
ပြင်ဦးလွင်မြို့ရှိ မန္တလေး – လားရှိုးလမ်းမကြီးတစ်လျှောက်၊ မြို့ပတ်လမ်း၊ ကန်တော်လေးပတ်ဝန်းကျင်တွင် မဏ္ဍာပ်များမရှိဘဲ အိမ်ရှေ့၊ ဟိုတယ်ရှေ့နှင့် ဈေးဆိုင်ရှေ့များတွင် ရေစည်များချကာ ရေလောင်းသူနှင့် ရေပက်ခံထွက်သူများဖြင့် စည်ကားနေကြောင်းသိရသည်။
” ဒီနှစ်က မန္တလေးကပြောင်းလာတဲ့သူတွေလည်းရှိတော့ ပိုစည်တယ်။ အရင်နေ့တွေ့က သိပ်မစည်ဘူး။ နောက်ဆုံးနေ့ကျမှစည်တယ်။ သုံးရက်လောက်အိမ်တွင်းအောင်းနေတဲ့သူတွေထွက်လာတာ” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုသည်။
ယခုနှစ်သင်္ကြန်ကို ငလျင်ဘေးဒဏ်ခံစားခဲ့ကြရသည့်ဒေသများအတွက် နစ်နာဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထားသောအားဖြင့် အပျော်အပါးနှင့် သီဆိုကခုန်ခြင်းမပါဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာနှင့်အညီ ယဉ်ကျေးသိမ်မွေ့သည့်သင်္ကြန်၊ အေးသင်္ကြန်အဖြစ်ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသည်။
ပြီးခဲ့သည်၂၀၂၄ ခုနှစ် ဒီဇင်ဘာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင်ထည့်သွင်းခဲ့သည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် သေဆုံးသူ ၃၆၆၆ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၂၈၅ ဦး၊ ပျောက်ဆုံးသူ ၁၂၉ ဦးရှိကြောင်းစစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ပြင်ဦးလွင်မြို့ခံတစ်ဦး
#ပြင်ဦးလွင် #သင်္ကြန်စည်ကား #သင်္ကြန်အတက်နေ့
#Ayeyarwaddy_Times