
(ကလေး)၊ဧရာဝတီတိုင်းမ်
ဧပြီ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် စစ်ကျန်ပစ္စည်း ပေါက်ကွဲ၍ စစ်ဘေးရှောင် ကလေးညီအစ်ကိုနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
သေဆုံးသည့် ကလေးနှစ်ဦးသည် ပြည်တော်သာရွာမှ ကလေးမြို့တွင် စစ်ဘေးရှောင်လာသည့် အသက် ငါးနှစ်အရွယ် Tg Gin Lam Sang နှင့် ညီဖြစ်သူ သုံးနှစ်အရွယ် Tg Tuan Sian Hon တို့ဖြစ်သည်။
ယနေ့ ဧပြီလ ၁၆ ရက်၊ မနက်ပိုင်းတွင် တောင်ဖီလာရပ်ကွက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် နေပြည်တော်ဝန်ထမ်းအိမ်ရာအနီး ခြံတွင် ဆော့ကစားစဥ် စစ်ကျန်ပစ္စည်း ပေါက်ကွဲခြင်းဖြစ်သည်။
“ဒရုန်း ဗုံးသီးလို့လည်းပြောတယ်။ အဲနေရာဝန်းကျင်မှာ စကစ တပ်စွဲတုန်းက မိုင်းတွထောင်ထားတာရှိတယ်။ တချို့ကလည်း မိုင်းလို့လည်းပြောကြ တယ်။ ကလေးတွေက ဗိုက်တွေ ခြေလက်တွေ ပြတ်ထွက်ပြီး ပွဲချင်း ဆုံးသွားကြတယ်” ဟု ကလေးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားသည့်နေရာတွင် ချက်ချင်းရောက်လာ၍ အလောင်းကို စစ်ဆေးရန်ယူဆောင်သွားပြီး ဖခင်ကိုလည်း ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် နေ့လည်တွင် အလောင်းများနှင့်အတူ ဖခင်ကို ပြန်ပို့ခဲ့ကြောင်း သိရသည်။
“ပြည်တော်သာရွာဘက်မှာ တိုက်ပွဲဖြစ်ကတည်းက ကလေးမိဘတွေက ကလေးမြို့မှာ အိမ်ငှားနေပြီး စစ်ဘေးရှောင်ကြတာ။ ဒီမနက်အခုလိုဖြစ်သွားတော့ ကလေးအမေက ငိုလွန်းလို့ သတိတောင် လစ်တယ်။ အလောင်းကိုတော့ ရွာမှာ မနက်ဖြန် သဂြိုလ်မယ်လို့ ပြောတယ်” ဟု ကလေးမြို့ခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယနေ့မနက်ဖြစ်ပွားသည့် ပေါက်ကွဲမှုကြောင့် ကလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့ထဲတွင် ခြေရှုပ်နေကြောင်း သိရသည်။
#ကလေးမြို့ #စစ်ကျန်ပစ္စည်း #ပေါက်ကွဲ #စစ်ဘေးရှောင် #ကလေးညီအစ်ကိုနှစ်ဦးသေဆုံး #Ayeyarwaddy_Times