ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

မကြာသေးမီက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲချတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၁၄ သင်္ကြန်အကျနေ့ နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် ပိန္နဲကုန်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း Indaw Revolution -IR ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီက အင်းတော်မြို့သိမ်းခံရပြီးနောက် အင်းတော်မြို့နှင့် အနီးတစ်ဝိုက် ကောလင်း၊ ဝန်းသိုစသည့်မြို့နယ်များကို ပေါင် ၅၀၀ ဗုံးများသုံး ၍ နေ့စဉ် တိုက်ခိုက်နေခြင်းဖြစ်သည်။

“အင်းတော်ကို ဗုံးကြဲသွားတာ မှန်ပါတယ်။ ပျက်စီးထိခိုက်မှု အခြေအနေကိုတော့ ဗုံးထပ်လာကြဲမှာစိုးလို့ သွားမကြည့်ရသေးပါဘူး”ဟု အင်းတော်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIA၊ ABSDF၊ PDF၊ ပကဖပူးပေါင်းတပ် ဖွဲ့များသည် ပြီးခဲ့သည့်ဧပြီ ၇ ရက်နေ့ညပိုင်းက အင်းတော်မြို့ကို သိမ်းယူရရှိခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မြို့မှထွက်ပြေးသည့် တပ်မ ( ၇၇) တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်ဖွဲ့ဝင် ၁၆၀ ကျော်ကိုလည်း ကသာမြို့တွင် ဖမ်းဆီးရမိခဲ့သည်။

ယခုဗုံးကြဲသည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး IR က “ကောလင်း၊ ထီးချိုင့်၊ အင်းတော်၊ ဝန်းသို ပြည်သူများ ဂရုစိုက်ကြပါ။ အိမ်တိုင်း ဗုံးခိုကျင်းတူးထားကြပါ။ လေယာဉ်သံကြားတာနဲ့ ဗုံးခိုကျင်းထဲ ဝင်ပုန်းပါ။ အသက်ကိုဉာဏ်စောင့်ပါတယ်။ မအလရဲ့ လေယာဉ် တွေမကုန်မချင်း ဗုံးခိုကျင်းက တူးကိုတူးထားရမှာပါ။ မပေါ့ဆကြပါနဲ့ခင်ဗျ”ဟု သတိပေးထားသည်။

ဓာတ်ပုံ – Indaw Revolution
ပုံစာ -ပိန္နဲကုန်းရွာဘုန်းကြ​ီးကျောင်းဗုံးကြဲချခံရပြီးနောက် ပျက်စီးမှုများ
#စစ်ကိုင်း #အင်းတော် #ပိန္နဲကုန်း #ဘုန်းကြီးကျောင်း #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times