ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ ညောင်ကျိုးနှင့် ညောင်ခြေထောက်စခန်းများကို စစ်ကောင်စီက စစ်အင်အားများ ပို့ဆောင်နေပြီး စစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြည်မြို့မှ ခြေလျင်၊ ခြေမြန်တပ်ရင်း ထုတ်နုတ်အင်အားရာချီကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့ကစပြီး ညောင်ကျိုးနှင့် အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) ရှိရာ ညောင်ခြေထောက်သို့ စစ်အင်အားရာချီ ပို့ဆောင်နေကြောင်း သိရသည်။

“ညောင်ကျိုးကိုပြန်သိမ်းနိုင်ဖို့ထက် ကပစစက်ရုံတွေဘက်ကို ထိုးစစ်ရောက်မလာဖို့ အပစ်ရပ်ထားတဲ့ကာလအတွင်း အလျင်အမြန်အင်အားပို့နေတာ။ ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း ညောင်ကျိုးနဲ့ ပန်းတောင်းကို အင်အားအလဲအလှယ်လုပ်နေတာတွေရှိတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင် ညောင်ကျိုးမှ ထွက်ပြေးလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ပန်းတောင်းရှိ တပ်စခန်းများတွင် ခေါ်ယူထိန်းသိမ်းပြီး ခံစစ်ပြင်ဆင်ခိုင်းထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂ ရက်နေ့က အာရက္ခတပ်တော်ိ (AA) သိမ်းပိုက်ထားသည့် ညောင်ကျိုးစခန်းသည် ကပစ စက်ရုံများတည်ရှိရာ ညောင်ခြေထောက်နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးပြီး စစ်ကောင်စီက ကပစ စက်ရုံများကိုကာကွယ်ရန် စက်ရုံအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးမကျန်ကို စက်ပစ်ကွင်း(လက်နက်လေ့ကျင့်ရေး)ဆင်းခိုင်းထားကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီက တောင်ကုတ်မြို့ကျအပြီး တောင်ကုတ်နှင့် ပြည်ပန်းတောင်းလမ်းရှိ တောင်ပုံကြီး၊ မိုးထိဗျူဟာ၊ ပုဂံကွဲ၊ ညောင်ကျိုးစခန်းတို့ကိုပါ AA နှင့် ပူး ပေါင်းတပ်ဖွဲ့ထံ ပေးလိုက်ရပြီး ကပစစက်ရုံများ လက်မလွှတ်ရစေရေးအတွက် အထူးကြိုးပမ်းလာခြင်းဖြစ်သည်။

AA က ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်စဲကြောင်း ကြေညာပြီး နောက် ရခိုင်-ပဲခူးအစပ်ရှိ ညောင်ကျိုးနှင့် ညောင်ခြေ ထောက်စခန်းများကို ထိုးစစ်ဆင်နေမှုအား ရပ်တန့်ခဲ့သော်လည်း စစ်ကောင်စီက အဆိုပါနယ်မြေများတွင်အင်အားတိုးချဲ့ စစ်ပြင်ဆင်လာခြင်းဖြစ်သည်။

စစ်ကောင်စီကလည်း သုံးပတ်ကြာ ယာအပစ်ရပ်သည်ဟု ကြေညာထားသော်လည်း ၎င်းတို့ထုတ်ပြန်ချက်ကို ချိူးဖောက်ကာ စစ်ဆိုင်နေသည့် နယ်မြေများတွင် စစ်အင်အားတိုးချဲ့ခြင်းနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်သည်။

#ပဲခူး #ပန်းတောင်း #ညောင်ကျိုး #ညောင်ခြေ ထောက် #စစ်ကောင်စီ #စစ်အင်အား #တိုးချဲ့ #ပြင်ဆင် #Ayeyarwaddy_Times