
ဧရာဝတီတိုင်းမ်
(ကျောက်တံခါး)၊ ဧပြီ ၁၅ ရက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ တောင်ခင် နှင့် အလှိုင် ကျေးရွာတို့ရှိ ဒေသခံငါး ဦးကို ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃)၊ ကရင်အမျိုသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း-၉ နယ်မြေရှိ ရဲစခန်းတွင် ပြစ်မှုမှတ်တမ်းမရှိဘဲ ဖမ်းဆီးထိန်းသိမ်းထားသည်မှာ သုံး လ ဝန်းကျင် ကြာမြင့် နေပြီဖြစ် ကြောင်း ဒေသခံများထံမှ သိရသည်။
KNLA တပ်ဖွဲ့မှ ဖမ်းဆီးထားသည့် ဒေသခံ ငါး ဦးမှာ အလှိုင်ရွာနေ ဦးနေဝင်း၊ ဦးမျိုးမြင့်သန်း တောင်ခင်ရွာနေ ဦးသိန်းနိုင်၊ ကဆောဝါး နှင့် မမိနိုင် တို့ဖြစ်ပြီး ၎င်းတို့သည် ကျောက်တံခါးမြို့နယ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ထောက်ပို့များဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေသခံ ငါးဦးကို ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့တွင် KNLA တပ်မှူးတစ်ဦးက လာရောက် တွေ့ဆုံရန်ပြောဆိုပြီးနောက်မှ စတင်ကာ ယနေ့အချိနိထိ ဖမ်းဆီးခံထားရခြင်း ဖြစ်ကြောင်း သိရသည်။
“KNLA တပ်မှူးတစ်ဦးက ခဏလာတွေ့ပါဆိုပြီး သွားတွေ့တဲ့အချိန် ရဲစခန်းကို ပို့လိုက်တာ အခုထိပါ။ ဘာပြစ်မှုမှ မရှိဘူး။ ခုချိန်ထိ တရားစွဲတာမျိုးလည်းမရှိဘူး။ အနားခေါ်ပြီး ဒီတိုင်းစခန်းဝင်းထဲ သွားလာ နေထိုင်ခိုင်းထားတာမျိုးပါ။ မိသားစုတွေကလည်း ကြောက်လန့်ပြီး မပြောရဲဘဲ စိုးရိမ်နေကြပါတယ်” ဟု ကျောက်တံခါးမြို့ ရပ်မိ၊ ရပ်ဖတစ်ဦးဖြစ်သူ ဦးကြည်ဝင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ ရဲစခန်းအတွင်း အကြောင်းမဲ့ အကျယ်ချုပ် ဖမ်းဆီးထားသည့်အတွက် မိသားစုဝင်များကလည်း စိုးရိမ်နေပြီး သက် ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့၊ PDF တပ်ဖွဲ့များမှ တာဝန်ရှိသူများမှလည်း အာမခံပေးကာ ပြန်လည်လွှတ်ပေးရန် ညှိနှိုင်းမှုများ ပြုလုပ်သော်လည်း ယနေ့အချိန်အထိ ပြန်လည် လွှတ်ပေးခြင်း မရှိကြောင်း သိရသည်။
KNLA တပ်ဖွဲ့ဘက်မှ ဖမ်းဆီးရသည့် အကြောင်းအရင်းကို ပြောဆိုခြင်းမရှိသော်လည်း အဆိုပါဒေသတွင် သာမန်ထက်ပိုလွန်သည့် အခွန်ကောက်ခံခြင်း ကိစ္စရပ်များရှိနေကာ ဖမ်းဆီးခံထားရသူများမှာ အဆိုပါကိစ္စရပ်များကို သိရှိနေသည့်အတွက် ဖမ်းဆီးခံထားရခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံတစ်ဦး ဖြစ်သည့် ဦးဝင်းကြည်၏ ပြောဆိုချက်အရသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကျောက်တံခါး #ဒေသခံ၅ဦး #ဖမ်းဆီးခံရ #KNLA #Ayeyarwaddy_Times