ဧရာဝတီတိုင်းမ်
‌ဧပြီ ၁၅ ရက်

အင်အားပြင်းထန်သောငလျင်ဒဏ်ခံစားရသော မန္တလေးမြို့တွင် သင်္ကြန်အကြတ်‌နေ့ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငလျင်ဒဏ်ထိအချို့တိုက်များပြိုကျပြီး ရေကြီးရေလျှံကြောင်း သတင်းရရှိသည်။

ယနေ့ ဧပြီ ၁၅ ရက်နေ့ ညနေ ငါး နာရီခွဲခန့်တွင် မိုးသည်းထန်စွာရွာသဖြင့် ၂၆ လမ်း၊ ၈၀ နှင့် ၈၁ လမ်းပေါ်ရှိ တိုက်ပြိုကျရာ လူထိခိုက်မှုမရှိကြောင်း၊ မန္တလေးလမ်းမကြီးတစ်လျှောက်တွင် ရေကြီးရေလျှံမှုဖြစ်ပွါးကြောင်း ယင်းမြို့ခံတစ်ဦးထံမှ သိရသည်။

လာမည့် ဧပြီ ၁၆ ရက် မှ ဧပြီ ၁၇ ရက်အတွင်း မန္တလေးတိုင်း၊ မန္တလေးမြို့မြောက်ဘက် ဆည်တော်ကြီးဒေသအတွင်း မိုးအလွန်သည်းထန်နိုင်မည့်အခြေအနေတွေ့ရကြောင်း မိုးလေဝသပညာရပ်လေ့လာသူ ဦးဝင်းနိုင်က ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော လေပွေလှိုင်းများအရှိန်အပါအဝင် အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများအရှိန်နှင့် အပူပျံတက်တိမ်များကြောင့် ဧပြီ ၁၅ ရက်နေ့ ညနေမှ ၁၉ ရက်အတွင်း တိုင်းနှင့် ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ညပိုင်းတွင်ထုတ်ပြန်သည်။

နေပြည်တော်၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကြဲကြဲနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းပါဝင်သည်။

မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင် မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှု၊ နေ့အပူချိန်များ တဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀ မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#မန္တလေးမိုးသည်းထန် #ငလျင်ဒဏ်ထိတိုက်ပြိုကျ
#ရေကြီးရေလျှံ
#Ayeyarwaddy_Times