
(ဟားခါး)၊ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ၂၂၆ ဗျူဟာကုန်းတွင် တာဝန်ကျသည့် စစ်ကောင်စီ ပြည်သူ့စစ် သုံးဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်သို့ဝင်ရောက်လာကြောင်း ချင်းကာကွယ်ရေးတပ်(ဟားခါး) က ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အလင်းဝင်ရောက်လာသည့် စစ်ကောင်စီပြည်သူစစ် သုံးဦးသည် MA-1 သေနတ် တစ်လက်၊ MA-3 သေနတ် တစ်လက်နှင့် MA-11သေနတ်တစ်လက်တို့ဖြင့် ဧပြီ ၁၃ ရက်နေ့တွင် CDF-Hakha ထံ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
“သူတို့တွေက စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်တပ်ထဲကို ရောက်လာကြတဲ့ ပြည်သူ့စစ်တွေပါ။ စစ်မှုထမ်းသက်တမ်းကလည်း ဘယ်လောက်မှမရှိကြသေးဘူး။ သူတို့ ကျွန်တော်တို့ဆီ အလင်းဝင်ဖို့ ဆက်သွယ်တယ်။ ကျွန်တော်တို့ကလည်း လုံခြုံရေးအခြေအနေကိုကြည့်ပြီး ခေါ်ထုတ်ပေးတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြည်သူစစ် သုံးဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာသည့်အတွက် CDF-Hakha က လက်နက်ခဲယမ်း တန်ဖိုးအလိုက် ဆုငွေများချီးမြှင့်ပေးကာ ၎င်းတို့သွားချင်သည့်နေရာထိ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
ဟားခါးမြို့ရှိ စစ်ကောင်စီ လက်အောက်တွင် တာဝန်မထမ်းဆောင်လိုသည့် စစ်ကောင်စီတပ်သားနှင့် ရဲတပ်သားများအနေဖြင့် အလင်းဝင်ရောက်လိုပါက CDF-Hakha ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။
“အကယ်လို စစ်သားနဲ့ ရဲတွေ အလင်းဝင်ချင်တယ်ဆိုရင် လက်နက်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ အမြဲတမ်းကြိုဆိုတယ်။ လက်နက်ပါရင်လည်း လက်နက်တန်ဖိုးအလိုက် ကျွန်တော်တို့က ဆုငွေချီးမြှင့်ပါတယ်။ ပြီးတော့ အလင်းဝင်တဲ့သူတွေမည်သူမဆို သူတို့သွားချင်တဲ့ နေရာရောက်တဲ့ထိ တာဝန်ယူပေးပါတယ်” ဟု CDF-Hakha တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လနှင့် ဧပြီ ၆ ရက်နေ့ကလည်း ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီပြည်သူစစ် သုံးဦး လက်နက်ခဲယမ်းနှင့်အတူ CDF-Hakha ထံ အလင်းဝင်ရောက်လာခဲ့သည်။
#ဟားခါးမြို့ #စစ်ကောင်စီတပ်သား #၃ဦး #လက်နက်ခဲယမ်း #ပြည်သူ့ရင်ခွင်ဝင်ရောက်
#Ayeyarwaddy_Times