(မင်းတပ်)၊ ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

ချင်းညီနောင်ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ​မင်းတပ်မြို့၊ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရ၍ ဘုရားကျောင်းအပါအဝင် အဆောက်အဦးတချို့ ပျက်စီးသွားကြောင်း ဒေသခံများထံက သိရှိရသည်။

ဧပြီလ ၁၃ ရက်နေ့ ညနေ လေးနာရီဝန်းကျင်တွင် မင်းတပ်မြို့၊ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးသီးဖြင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လောလောဆယ်တော့ ဘုရားကျောင်း ပျက်စီးတာပဲ သိရသေးတယ်။ အဲနေရာကို မသွားရဲကြသေးလို့ တခြားထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူး။ တာဝန်ရှိသူတွေက ထုတ်ပြန်လာလိမ်မယ်ထင်ပါတယ်” ဟု မင်းတပ်မြို့ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်သည့်အတွက် မြို့မနှစ်ခြင်းဘုရားကျောင်းအပါအဝင် အနီးနားရှိ အဆောက်အဦးတချို့ ပျက်စီးသွားပြီး ဒေသခံပြည်သူများက ပျက်စီးသွား ဘုရားကျောင်းတွင် ပစ္စည်းများရွှေ့ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဧပြီ ၁၂ရက်နေ့မနက်ပိုင်းကလည်း ကန်ပက်လက်မြို့၊ အရှေ့ပြင်ရပ်ကွက်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

အလားတူ ဧပြီလ ၉ရက်နေ့ကလည်း မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ ခရစ်ယာန် ဓမ္မဆရာတစ်ဦး၊ ကလေးအပါအဝင် ခြောက်ဦး သေဆုံးပြီး၊ အမျိုးသမီး၊ ကလေးအပါအဝင် ကိုးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

#မင်းတပ်မြို့ #နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း #လေကြောင်း #တိုက်ခိုက်ခံရ#
#Ayeyarwaddy_Times