
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
အင်အားပြင်း ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်အတွက် တိုင်းနှင့်ပြည်နယ် ငါး ခုထက်မနည်းမှ ပြည်သူများ ဒုက္ခဘေးကြုံနေရသော်လည်း စစ်ခေါင်းဆောင်ဦးဆောင်ပြီး နေပြည်တော်တွင် သင်္ကြန်ပွဲကျင်းပနေကြောင်း သိရသည်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့သည် ယမန်နေ့ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က နေပြည်တော်ရှိမြို့တော် ဝန် မဏ္ဍပ်ကို တက်ရောက်၍ သင်္ကြန်အကြိုဖွင့်ပွဲပြုလုပ်ခဲ့သည်။
စစ်ခေါင်းဆောင်က သင်္ကြန်ဖွင့်ပွဲကို နေပြည်တော် မြန်မာ့ရိုးရာအေးသင်္ကြန်ဟု နာမည်ပေးပြီး ငလျင်ဒဏ်ခံစားနေရသည့်သူများကို စာနာထောက်ထားသောအား ဖြင့် အပျော် အပါးနှင့် သီဆိုကခုန်ခြင်းမပါဘဲ နှစ်သစ်ကူးပြောင်းခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ၏ ပွဲတက်သတင်းတွင် ဖော်ပြထားသည်။
စစ်ခေါင်းဆောင်၊ ဒုစစ်ခေါင်းဆောင်နှင့် ပွဲတက်လာသူများသည် သနပ်ခါးလိမ်းသရုပ်ဖော်ခြင်းကိုလည်းပြုလုပ်ခဲ့ကြပြီး မြန်မာ့သနပ်ခါးကို လူ သားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးစားဆောင် ရွက်နေခြင်းဖြစ်သည်ဟု ဆိုထားသည်။
ယခု ကျင်းပနေသည့်သင်္ကြန်ပွဲကို မူလက စည်ကားသိုက် မြိုက်စွာကျင်းပရန် ရည်ရွယ်ထားသော်လည်း ငလျင်ကြောင့် ဒုက္ခရောက်နေသူများ ကို စာနာမှုနှင့် ပြန်လည် ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော် ပြထားသည်။
စစ်ခေါင်းဆောင်က နေပြည်တော်တွင် သင်္ကြန်ပွဲကျင်းပနေသော်လည်း ဝန်ထမ်းလိုင်းခန်းများ၌ အဆောက်အဦများပိပြီး သေဆုံးသူများကို ထုတ်ယူသည့်လုပ်ငန်းများ လုပ် ဆောင်ပေးခြင်းမရှိသည့် အတွက် နေရာအတော်များများ၌ အပုပ်နံ့များထွက်ရှိနေကြောင်း သိရသည်။
ထို့အပြင် ဝန်ကြီးဌာနရုံးများ ပျက်စီးသွားသည့် အတွက် နိုင်ငံတကာက လှူဒါန်းထားသည့် ယာယီတဲများဖြင့် ရုံးထိုင်ရန်ပြုလုပ်နေကြကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးသူ ၃၆၈၉ ဦးရှိပြီး ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-စစ်ကောင်စီ
#နေပြည်တော် #စစ်ခေါင်းဆောင် #ဒုစစ်ခေါင်း ဆောင် #သင်္ကြန်ပွဲ #ကျင်းပနေ #Ayeyarwaddy_Times