
ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
မကွေးတိုင်း၊ စလင်း-စေတုတ္တရာကားလမ်းမရှိ ၁၈ မိုင် စစ်ကောင်စီစခန်းကို ပြီးခဲ့သည့် ဧပြီ ၁၂ ရက်နေ့တွင်တော်လှန်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက် ဖျက်ဆီးထားခဲ့နိုင်ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြောင်းဦးကျေးရွာအုပ်စုထဲရှိ စစ်ကောင်စီ၏ ၁၈ မိုင်စခန်းကို မိနစ် ၂၀ အတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။
“မိနစ်ပိုင်းအတွင်း စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်။ စစ် ကြောင်းကပြန်လာတဲ့ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုနေကြပါပြီ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စလင်း-စေတုတ္တရာကားလမ်းသည် မိုင် ၄၀ ရှိပြီး ၁၆ မိုင်တွင် ပုသိမ်-မုံရွာကားလမ်းဆုံ ကံပြားကျေးရွာတည်ရှိပြီး ယခု ၁၈ မိုင်စခန်းကုန်းသည် စေတုတ္တရာမြို့နယ် မြောင်းဦးကျေးရွာထဲတွင် ပါဝင်သည်။
တိုက်ပွဲတွင် စစ်ကောင်စီသုံ့ပန်း လေး ဦးဖမ်းမိပြီး လက် နက် ငါး လက်နှင့် စစ်သုံးဆက်စပ်ပစ္စည်းများပါ ရရှိခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
စခန်းကုန်းတိုက်ပွဲအတွင်း မြိုင်၊ ပင်လည်ဘူး၊ ရေစကြိုနှင့် ပခုက္ကူမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များပါ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။
၁၈ မိုင်စခန်းကုန်းကို မိနစ်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲနှင့်အတူပြန်လာသည့် ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း တပ်ခွဲ ၃ မှ PDF တပ်ဖွဲ့ဝင်များကို ပြည်သူများက ကြိုဆိုခဲ့ကြသည်။
စခန်းသိမ်းတိုက်ပွဲကို ပခုက္ကူခရိုင် PDF တပ်ရင်းများမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဖမ်းဆီးရမိသည့် စစ်သုံ့ ပန်းများကို သေချာထိန်းသိမ်းထားကြောင်း တော်လှန် ရေးတပ်ဖွဲ့ထံမှ သိရသည်။
ဓာတ်ပုံ- ပခုက္ကူခရိုင် အမှတ်၁၅ တပ်ရင်း
ပုံစာ- ၁၈မိုင်စခန်းသိမ်းပွဲမှ ပြန်လာသည့် ရဲဘော်များကို ကြိုဆိုနေစဥ်
#မကွေး #စလင်း #စေတုတ္တရာ #စစ်ကောင်စီ #၁၈မိုင်စခန်းကုန်း #တော်လှန်ရေးတပ်များ #သိမ်းပိုက် #Ayeyarwaddy_Times