ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

မြန်မာနှစ်သစ်ကူးအခါသမယသင်္ကြန်အကြို့နေ့ ယနေ့ ဧပြီ ၁၃ ရက်နေ့ မနက် ၈ နာရီ ၅၄ မိနစ်တွင် ဝမ်းတွင်းမြို့၏ အရှေ့မြောက်ဘက် ၉ မိုင်ခန့်၌ အနက် ၃၄ ကီလိုမီတာမှ ပြင်းအားရစ်ခ်တာစကေး ၅ ဒသမ ၅ အဆင့်လှုပ်ခတ်သွားရာ သုံးရက်အတွင်း နှစ်ကြိမ်မြောက် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်သုံးရက် ဧပြီ ၁၁ ရက်နေ့ကလည်း ၀မ်းတွင်းမြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်၌ အနက် ၁၀ ကီလိုမီတာကနေ ပြင်းအား ရစ်ခ်တာစကေး ၅ ဒသမ သုည လှုပ်ခတ်သွားကြောင်းသိရသည်။

ယနေ့လှုပ်ခတ်သွားသော ငလျင်ကို ငလျင်ဗဟိုချက် ဝမ်းတွင်းမြို့၊မန္တလေးမြို့၊ မိတ္ထီလာမြို့၊ပြင်ဦးလွင်မြို့၊ နေပြည်တော်၊ ပျဉ်းပနား၊ တပ်ကုန်းတို့ပတ်ဝန်းကျင်အနီးတို့တွင် သိသာစွာခံစားရကြောင်း ဒေသခံများထံမှ သိရသည်။

“ဈေးသွားဝယ်ရင်း ညောင်းလို့မြေကြီးပေါ်ခဏ ထိုင်နေတုန်း မြေကြီးသိမ့်ကနဲတုန်သွားတယ်။ ဈေးဆိုင်အမိုးတွေက သွပ်ပြားတွေ အဟောင်းတွေဆိုတော့ ဒုန်း ဒုန်းနဲ့ ” ဟု ပြင်ဦးလွင်ရှိ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ငလျင်အင်အားအသင့်အတင့်နှင့် အင်အားငယ်ငလျင်များ နေ့စဉ်လှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်ခံရသည့်ဒေသခံများအပါအဝင် ပြည်သူလူထုမှာစိုးရိမ်ပူပန်နေရကြောင်းသိရသည်။

မတ်လ ၂၈ ရက်မှ ဧပြီ ၁၃ ရက်နေ့အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုပေါင်း ၁၂၈ ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အင်အားအလွန်ပြင်းထန်သောငလျင်ကြီးလှုပ်ခတ်မှုကြောင့် မြို့နယ် ၆၆ မြို့နယ်မှ သေဆုံးသူ ၃၆၄၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၈၁၇ ဦး နှင့် ပျောက်ဆုံးသူ ၁၃၄ ဦး ရှိကြောင်း ဧပြီ ၁၂ ရက်နေ့ထိ စစ်ကောင်စီစာရင်းများအရ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မတ်လ ၂၈ ရက်နေ့ငလျင်ကြောင့်ပျက်စီးသွားသောအဆောက်အဦးပျက်စီးနေပုံများ
#သင်္ကြန်အကြိုနေ့ #ငလျင်လှုပ် #ဝမ်းတွင်းမြို့အခြေပြု #အင်အား၅ဒသမ၅အဆင့် #Ayeyarwaddy_Times