
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူဦးရေ လေးထောင်ကျော် သေဆုံးခဲ့ပြီး ငလျင်ဒဏ်သင့် ဒေသငါးခုအနက် စစ်ကိုင်းနှင့် မန္တလေးအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် အသုံးပြုထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံက သိရသည်။
NUG အနေဖြင့် ငလျင်ဘေး အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ မီလီယံ လျာထား၍ ထိုသို့အသုံးပြုခဲ့ကြောင်း ယနေ့ဧပြီ ၁၂ ရက် ပြုလုပ်သော ငလျင်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောကြားသည်။
ထိုထဲမှ စစ်ကိုင်းနှင့် မန္တလေးတိုင်းမှ ငလျင်ဘေးသင့် ဒေသများအတွက် အမေရိကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် (၄၃,၁၆၀.၇၅)နှင့် ညီမျှသော ကျပ်ငွေ ၆ဒသမ၃ သန်းကျော် (၆၃၄,၅၆၀,၀၀၀) ကို ကဏ္ဍအလိုက် အသုံးပြုထားကြောင်း ၎င်းက မီဒီယာများကို ပြောသည်။
ယင်းအပြင် NUG ၏ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) အနေဖြင့်လည်း အမေရိကန်ဒေါ်လာ ၆၆၁,၂၈၃ နှင့်ညီမျှသော ကျပ်ငွေ ၂ဒသမ၉ ဘီလျံ (၂,၉၃၁,၁၃၆,၈၁၀)ကို အလှူငွေရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ငလျင်ဒဏ်သင့် ဒေသငါးခုဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တို့တွင် အမေရိကန်ဒေါ်လာ ၄၃၈,၄၉၅ နှင့်ညီမျှသော ကျပ်ငွေ ၁.၉ ဘီလျံ (၁,၉၄၃,၆၂၇,၀၀၀)အား ထပ်မံသုံးစွဲထားကြောင်း MOHADM ထံက သိရသည်။
“ရေသန့်ရရှိရေးတို့ ပျက်စီးသွားတဲ့ အရေးပေါ် ကုန်ထုတ်လမ်းတွေ၊ ကျေးရွာချင်းဆက် လမ်းတွေစသဖြင့် ဒါမျိုးတွေမှာ အမြန်ဆုံးကျွန်တော်တို့ ပြန်လည်ကူညီရဖို့ရှိတယ်” ဟု MOHADM ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဧရာဝတီတိုင်းမ်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ထိုဒေသများရှိ မြို့နယ်ပေါင်း ၄၁ မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၆,၂၃၆ စုကို ကူညီပေးထားခြင်းဖြစ်ပြီး လက်ကျန်ငွေ ငွေကျပ် ၀.၉၈၇ ဘီလျံ (၉၈၇,၅၀၉,၈၁၀)အား ရရှိလာသည့် စာရင်းဇယားများအပေါ် မူတည်၍ ဆက်လက်ကူညီ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေသအလိုက် ကူညီမှုအနေဖြင့် မန္တလေးတိုင်း၌ ၁၈ မြို့နယ် အိမ်ထောင်စု ၄၁၈၅ စု၊ ပဲခူးတိုင်း၌ ၇ မြို့နယ် အိမ်ထောင်စု ၈၀၀ စု၊ စစ်ကိုင်းတိုင်း၌ ၈ မြို့နယ် အိမ်ထောင်စု ၁၇၇ စု၊ နေပြည်တော်၌ ၆ မြို့နယ် အိမ်ထောင်စု ၅၅၀ စုနှင့် ရှမ်းတောင်၌ ၂ မြို့နယ် အိမ်ထောင်စု ၅၂၄ စုတို့ရှိကြောင်း သိရသည်။
ယင်းအပြင် ငလျင်ဒဏ်သင့် ဒေသများရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့်လည်း ချိတ်ဆက်တွဲဖက်၍ လိုအပ်သည်များ ပံ့ပိုးကာ ကူညီနိုင်ရေး လုပ်ဆောင်လျက်ရှိဟု MOHADM ဒုဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းက ဧရာဝတီတိုင်းမ်၏ မေးမြန်းမှုကို ဖြည့်စွက်ဖြေကြားသည်။
NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)၏ ဧပြီ ၁၁ ရက်အထိ စာရင်းများအရ ငလျင်ကြောင့် သေဆုံးသူ ၄၁၁၇ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃၇၁၀ ဦးနှင့် ပျောက်ဆုံးသူ ၃၅၁ ဦးရှိကြောင်း သိရသည်။
ထို့အတူ စာသင်ကျောင်း ၄၂၈ ကျောင်း၊ အိမ်ခြေ ၃၂,၃၀၀ လုံး၊ ဘာသာရေး အဆောက်အအုံ ၄,၀၂၅ ခု၊ လမ်း ၁၇ လမ်း၊ တံတား ၅၃ စင်းနှင့် အခြားထိခိုက်မှု ၁,၇၃၀ ခုရှိကာ မန္တလေးတိုင်းသည် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်နေကြောင်း သိရသည်။
#ငလျင်ဒဏ်သင့် #စစ်ကိုင်း #မန္တလေး #အမေရိကန်ဒေါ်လာ #တစ်သိန်းလေးသောင်းကျော် #အသုံးပြု #NUG #Ayeyarwaddy_Times