ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်

ဧဒင်ကုမ္ပဏီ ဥက္ကဋ္ဌဦးချစ်ခိုင်နှင့် ဇေကမ္ဘာဦးခင်ရွှေ၏သား ဦးဇေသီဟ အပါအဝင် လုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ထောင်မှလွှတ်ပေးလိုက်ကြောင်း သိရသည်။

ဧဒင် ဦးချစ်ခိုင်သည် ယနေ့ ဧပြီ ၁၂ ရက် နံနက်ပိုင်းတွင် မန္တလေးအိုးဘိုထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည်လွတ်မြောက်လာပြီး ဇေကမ္ဘာဦးဇေသီဟလည်း ရန်ကုန်အင်းစိန်ထောင်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

၎င်းတို့နှင့်အတူ ဖမ်းဆီးခံထားရသည့် လုပ်ငန်းတချို့လည်း ပြန်လည်လွတ်မြောက်လာကြောင်း ဆီလုပ်ငန်း နှင့်နီးစပ်သူထံမှ သိရသည်။

“ပြန်လွတ်လာကြတာ မှန်ပါတယ်။ လွတ်ငြိမ်းနဲ့လွတ်လာကြတာပါ။ ဒါပေမဲ့ ဘာကြောင့်လွတ်လာ တယ်ဆိုတာ မသိရသေးပါဘူးဗျ”ဟု လုပ်ငန်းရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် ဇေကမ္ဘာဦးခင်ရွှေ နှင့် ၎င်း၏သား ဦးဇေသီဟတို့ကို နိုင်ငံပိုင်အဆောက်အဦများ ခွင့်ပြုချက်မရဘဲ ဖြိုဖျက်မှုနှင့် ဗဟန်းမြို့နယ်ရှိ နေအိမ်တွင် ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုကာ အင်းစိန် ထောင်သို့ ပို့ခဲ့ခြင်းဖြစ်သည်။

အတူဖမ်းဆီးခံရသည့် ဇေကမ္ဘာဦးခင်ရွှေကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့တွင် ကျန်းမာရေး အကြောင်းပြကာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ ပြန်လည်လွှတ်ပေးခဲ့သည်။

ဧဒင်ဦးချစ်ခိုင်ကို တီကျစ်ကျောက်မီးသွေးသုံး ရေနွေး ငွေ့ဓာတ်အားပေးစက်ရုံလုပ်ငန်းမှ အခွန် လျော့နည်း ပေးဆောင်မှုနှင့် ၂၀၂၂ ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဦးချစ်ခိုင်နှင့်အတူ ဆီလုပ်ငန်းရှင်များ၊ စားအုန်းဆီလုပ်ငန်းရှင်များကို ဈေးကစားမှုနှင့် အဂတိ လိုက်စားမှုများတပ်ကာ စစ်ကောင်စီက ဖမ်းဆီးထောင်ချခဲ့သည်။

ဦးချစ်ခိုင်၏ ဧဒင်ကုမ္ပဏီလုပ်ငန်းစုတွင် မြန်မာ့ရှေ့ ဆောင်ဘဏ် MAB ၊ မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီ MAPCO၊ Denko ဆီဆိုင်စသည့်လုပ်ငန်းများပါဝင်သည်။

စစ်ကောင်စီက ကုန်ဈေးနှုန်းမြင့်မားလာပြီး စက်သုံးဆီများပြတ်လပ်ကာ စားအုန်းဆီဈေးများပါ ထိန်း ချုပ်မရသည့်အခြေအနေတွင် ဆီလုပ်ငန်းရှင်များနှင့် စက်သုံးဆီလုပ်ငန်းပိုင်ရှင်များကို ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#ဇေကမ္ဘာ #ဇေသီဟ #ဧဒင်ကုမ္ပဏီ #ဦးချစ်ခိုင် #လုပ်ငန်းရှင် #ထောင် #လွှတ်ပေး #Ayeyarwaddy_Times