
(ချင်း)၊ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ပြောခွင့်ရ ဆလိုင်းထက်နီထံက သိရှိရသည်။
ကလေး-ဂန်ဂေါ့ ကားလမ်းပေါ်ရှိ ကြံသာကျေးရွာ စစ်ကောင်စီတပ်စခန်းကို ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့၊ မနက်ပိုင်းမှစ၍ ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန်တွင် သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။
“ကျတော်တို့ ငလျင်အရေးပေါ်ကာလမှာ အပစ်ရပ်စဲထားပါတယ်။ အဓိကတော့ ငလျင်သင့်ပြည်သူတွေ အကူညီရအောင်လို့ပါ။ အဲဒါကို စကစ ကနေပြီး ကျတော်တို့ရှိတဲ့နေရာတွေကို လက်နက်ကြီးကျည်တွေ အမြဲပစ်ခတ်နေတယ်။ ဒါကြောင့် ကျတော်တို့က ခုခံတဲ့အနေနဲ့ ပြန်တိုက်တယ်။ ကြံသာရွာကို ကျတော်တို့မနေ့ကမနက် အလစ်ငိုက်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ရရှိထားပါတယ်” ဟု CNA ပြောခွင့်ရ ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကြံသာရွာ စခန်းသိမ်းတိုက်တွင် စစ်ကောင်စီနှင့် ၎င်းတို့၏လက်အောက်ခံ ပျူစောထီး ၁၅ ဦးသေဆုံးပြီး အများပြားထိခိုက်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိသည်။
“ကြံသာရွာက ပျူစောထီး စိုးမိုးထားတဲ့ ရွာပါ။ မနေ့က စခန်းသိမ်း တိုက်ပွဲမှာလည်း စကစနဲ့ ပျူစောထီး အလောင်း ၁၅ လောင်းရရှိတယ်။ တိုက်ပွဲနေရာနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို သုံးသပ်မယ်ဆိုရင် အများပြားထိခိုက်ဒဏ်ရာရတာ တွေ့ရတယ်။ သူတို့အထိခိုက်များဆုံးနဲ့ တပ်ပြန်ဆုတ်သွားတော့ အရှင်ဖမ်းမိတာ မရှိဘူး။ လက်နက်ခဲယမ်းတွေလည်း အများကြီးရတယ်။ အရေအတွက် စိစစ်နေတုန်းပါ” ဟု ဆလိုင်းထက်နီက ဧရာဝတီတိုင်းမ်ကို ထပ်မံပြောဆိုသည်။
ကြံသာရွာ စခန်းကို CNA အပါအဝင် ကျောင်းသားတပ်မတော် အမှတ် (၃) စစ်ကြောင်း၊ တပ်ရင်း ၁၂ ရဲဘော်များ၊ CDF-KKG၊ ဟံသာဝတီ (ပကဖ) ၊ CDF-SIYIN ၊ ကလေးခရိုင်စစ်ဒေသ၊ ထန်တလန် DR တို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ကလေး-ဂန်ဂေါ့ ကားလမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် ပျူစောထီးများက အဓိက စိုးမိုးထားပြီး ပြည်သူများ အသွားလာအဆင်ပြေစေရန် အဆိုပါလမ်းကို ထိန်းချုပ်နိုင်ရေးအတွက် တိုက်ခိုက်သွားမည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ငလျင်အရေးပေါ်ကာလ အပစ်ရပ်စဲရေး ကြေညာထားသည့် ကာလတွင် အရပ်သားပြည်သူများရှိသည့်နေရာများနှင့် တော်လှန်ရေးတပ်ဖွဲ့များရှိသည့်နေရာများကို စစ်ရေးလှုပ်ရှားမူများပြုလုပ်နေသည်ဟု ဆလိုင်းထက်နီက ဆိုသည်။
#ကလေးမြို့နယ် #ကြံသာရွာ #စစ်ကောင်စီတပ်စခန်း #ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ #သိမ်းပိုက်ရရှိ
#Ayeyarwaddy_Times