
ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
ထိုင်းနိုင်ငံတွင် သင်္ကြန် ဆုန်ခရမ်ပွဲတော်ကို လာမည့် ဧပြီ ၁၃ ရက်နေ့ မှ ၁၅ ရက်နေ့အထိ စည်ကားစွာ ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ပါဝင်ဆင်နွှဲသူများနှင့် ခရီးသွားဧည့်သည်များ လုံခြုံစွာ ဆင်နွှဲနိုင်ရန် လိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ထုတ်ပြန်ထားကြောင်း ထိုင်းသတင်း မီဒီယာများထံမှ သိရသည်။
“Amazing Thailand Grand Tourism & Sports Year 2025” အစီအစဉ်အရ ထိုင်းနိုင်ငံသည် ဆုန်ခရန်ပွဲတော်ကို ထိုင်းယဉ်ကျေးမှု၊ နည်းပညာများနှင့် ဖန်တီးမှုအသစ်များ ဖော်ပြကာ ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုတစ်ရပ်အဖြစ် အားဖြည့်ထားပြီး ကမ္ဘာပေါ်ရှိ ထိပ်တန်းပွဲတော် ၁၀ ခုစာရင်းတွင် ပါဝင်ရန် ရည်မှန်းထားကြောင်း သိရသည်။
အဓိက သင်္ကြန်ပွဲတော် ကျင်းပမည့် ဘန်ကောက်တွင် သင်္ကြန်ပွဲတော်မတိုင်ခင်ကပင် စီတန်းလှည့် လည်ခြင်း၊ ထိုင်းအက၊ ရိုးရာဓလေ့များ ပြသခြင်း စသည့် အကြိုပွဲတော်များ ကျင်းပနေကြောင်းလည်း သိရသည်။
ပွဲတော်ကာလအတွင်း လုံခြုံစွာ ရေကစားနိုင်ရန် ပါဝင်ဆင်နွှဲသူများ အနေဖြင့် သဘောမတူပဲ ရေပက်ခြင်း၊ ပေါင်ဒါလူးခြင်း မပြုရန်၊ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်စေခြင်း၊ ရေပက်ခံထွက်စဉ် ကားပေါ်တွင် အရက်ဝိုင်းဖွဲ့သောက်စားခြင်းကိုခွင့်မပြုခြင်း စသည့် တားမြစ်ချက် ၁၀ ချက်ကိုလည်း ထုတ်ပြန်ထားပြီး မလိုက်နာပါက ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်မည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ထို့ပြင် ထိုင်းအစိုးရမှ သင်္ကြန်ပွဲတော်ကာလအတွင်း အဖော်အချွတ်ပုံများ၊ အရက်သောက်စားသည့် ပုံများ၊ မသင့်လျော်သည့်ပုံများကို အွန်လိုင်းတွင် တင်ခြင်းမပြုရန် ပြောဆိုထားပြီး ထိုပုံများကို ဆိုရှယ်မီဒီယာတွင် မျှဝေခြင်းမှာ ထိုင်းဥပဒေကို ချိုးဖောက်နိုင်ပြီး ဥပဒေအကျိုးဆက်များကို ခံရနိုင်ကြောင်းလည်း ပြောဆိုထားသည်။
ထိုင်းသင်္ကြန်ပွဲတော်တွင် နိုင်ငံ၏ပုံရိပ်ကို မြှင့်တင်ရန် ထိုင်းလူငယ်များအနေဖြင့် ထိုင်းနိုင်ငံ၏ရိုးရာဓလေ့ နှင့် ယဉ်ကျေးမှုတန်ဖိုးများကို ထင်ဟပ်စေမည့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြရန်လည်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ Anukul Pruksanusak က တိုက်တွန်းပြောဆိုထားသည်။
ကိုးကား – The Nation Thailand
#ထိုင်း #ဆုန်ခရမ် #Ayeyarwaddy_Times