ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ဧပြီ ၁၂ ရက်

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီ ခလရ (၄၀၇) တပ်ရင်းက တပ်သားတစ်ဦးသည် ဇနီးသည်ကိုခေါ်ယူ၍ အလင်းဝင်ရောက်လာကြောင်း Dove Guerrilla Force -ချိုးဖြူပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်သား ကိုရဲမင်းခန့် အသက် ၂၄ နှစ်သည် ဇနီးဖြစ်သူ မဝင်းစန္ဒီ အသက် ၁၇ နှစ် နှင့်အတူ စစ်ကောင်စီတပ်ကို စွန့်ခွာ၍ ယမန်နေ့ ဧပြီ ၁၁ ရက်က Dove Guerrilla Force ချိုးဖြူပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံလာခဲ့ခြင်းဖြစ်သည်။

“အခု အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ဇနီးမောင်နံက ခလရ-၁၀၄ တပ်ရင်း မှာ တာဝန်ကျနေတာ သုံး နှစ်ရှိနေပြီ။ သူတို့ကို တပ်ရင်းထဲမှာပဲ ထားထားတာ။ ဘယ်ကို မှ သွားခွင့်မပြုဘူး။ ထွက်ပြေးမှာ ကြောက်လို့ပေါ့။ အရင်တစ်ခေါက် တုန်းကလည်း အခုလိုပဲ့ ထွက်ပြေးလာတာ ပြန်ပြီး အဖမ်းခံလိုက်ရတယ်။ အခု တစ်ခေါက်လည်း အရဲစွန့်ပြီး ထပ်ထွက်လာတာ။ လက်နက်ယူလာဖို့က အခွင့်ရေးမရလို့ သူတို့မယူလာခဲ့ရပါဘူး။ ဒေသခံပြည်သူ တစ်ဦး နဲ့ လမ်းမှာတွေ့ပြီး သူ့ရဲ့ အချိတ်အဆက် နဲ့ ကျွန်တော်တို့ဆီရောက်လာတာပါ။ ကျွန်တော်တို့နဲ့ ကြိုတင်ချိတ်ဆက်ထားတာမျိုး မရှိဘူး” ဟု ချိုးဖြူပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဆူစူး က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးလွတ်မြောက်လာသည့် တပ်သားရဲမင်းခန့် နှင့် ဇနီး မဝင်းစန္ဒီတို့သည် အိမ်ထောင်သက်တမ်း ငါးလခန့်သာ ရှိသေးကြောင်းသိရပြီး ၎င်းတို့ ဇနနီးမောင်နှံကို လွတ်မြောက်နယ်မြေ တစ်ခုဆီသို့ ပို့ဆောင်ပေးထားပြီး သူတို့၏သဘောဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ရဲများအနေနဲ့ ပြည်သူ့ဘက်သို့ ကူးပြောင်းကြရန် ပြည်သူ့ကာကွယ်ရေး တပ်မ‌တော်နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များက ကြိုဆိုနေကြောင်း Dove Guerrilla Forcr ချိုးဖြူပြောက်ကျားတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ပုံစာ-အလင်းဝင်ရောက်လာသည့် ခလရ ၄၀၇ တပ်ရင်းက တပ်သား ရဲမင်းခန့် နှင့် ဇနီး

#ရေဖြူ #ခလရ၄၀၇တပ်ရင်း #တပ်သားတစ်ဦး #ဇနီးသည် #အလင်းဝင် #Ayeyarwaddy_Times