
ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
မန္တလေးတက္ကသိုလ်တွင် သိမ်းဆည်းထားသည့် တက္ကသိုလ်ဝင်တန်းစာဖြေလွှာများ မီးလောင်ဆုံးရှံး မှုကြောင့် တိုင်းနှင့် ပြည် နယ်လေးခုတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြန်လည် ဖြေဆိုရမည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း စစ်ကောင်စီ၏ ပညာရေးဝန်ကြီးဌာနမှ တရားဝင် စာထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြု၍ အင်အားအလွန်ပြင်းထန်သော ၇ ဒသမ ၇ ရစ်ခ်တာစကေးရှိ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်ငလျင်ဒဏ်သင့်ခဲ့ပြီး တစ်ချိန်တည်း မီးလောင်မှုဖြစ်ပွားသည်။
လက်ရှိတွင်လည်း သင်္ကြန်ပိတ်ရက်အဖြစ် စာသင်ကျောင်းများနှင့် ရုံးများပိတ်ထားချိန်တွင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တက္ကသိုလ် ဝင်တန်းကျောင်းသားကျောင်းသူများ စာမေးပွဲပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း ဧပြီ ၁၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ချက် တစ်ခုထွက်ပေါ်ခဲ့သည်။
သို့သော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် စစ်ကောင်စီ၏ ပညာရေး ဝန်ကြီးဌာနက တရားဝင်စာထုတ်ပြန်ခြင်းမရှိသေးကြောင်း စစ်ကောင်စီ ပညာရေးဌာနမှ ကျောင်းဆရာမတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ အခုကျောင်းတွေ ရုံးတွေပိတ်ထားတော့ ဒီစာကအမှန်ဖြစ်နိုင်မယ်မထင်ဘူး။ ပညာရေးဝန်ကြီးဌာနက တရားဝင်စာထုတ်တာမရှိသေးဘူး။ ပညာရေးသတင်းတွေတင်ပေးနေတဲ့ Facebook page မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းအမှားဆိုတဲ့အကြောင်းတင်ထားတာတွေ့တယ်” ဟု အထက်တန်းပြ ကျောင်းဆရာမက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုရမည့်သတင်းက rumour (ကောလာဟလ) သတင်းဖြစ်ပြီး ယင်းသတင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများ၏ သတင်းထုတ်ပြန်ချက် စောင့်ကြည့်လေလာရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက် စာမျက်နှာ အလင်းပညာရေးတွင် ဖော်ပြထားသည်။
“ စာမေးပွဲ ပြန်ဖြေရမယ်ဆိုတာက လက်ရှိအထိတော့ သေသေချာချာ မထုတ်ပြန်သေးဘူးပေါ့ဗျာ။ ဒါပေမယ့်အခုအခြေ အနေကတော့ မဖြစ်နိုင်သေးဘူး။ နောက်တစ်ချက်က စာမေးပွဲဖြေရမယ်ဆိုတာ ဘယ်လိုဖြေရမှာလဲဆိုတာ ရှိတယ်။ သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ဝင်ခွင့်တွေကို ဝင်ဖြေရမှာလား။ ဒါကိုတော့ ဆွေးနွေနေကြတုန်းလို့ သိရတယ်။ အခုဖြစ်တာက စစ်ခေါင်းဆောင်က အစည်းဝေးမှာ ပြောတာကို အောက်ကစာထုတ်ရင်းနဲ့ ပြည်သူတွေအပူပိုရတာ။ အချို့ကျောင်းတွေကလည်း ကျူရှင် သင်ခရမလားဆိုပြီး ဖြစ်စေချင်နေတာတွေရှိတယ်” ဟု ကိုယ်ပိုင်ကျောင်းဆရာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင်ငလျင်ဒဏ်ခံရသည့် မန္တလေး၊ စစ်ကိုင်းမြိုု့အပါအဝင် မြို့နယ် ၆၆ မြို့ရှိနယ် ကျောင်းများအချို့တွင် ငလျင်ဘေးဒဏ်ပြည်သူများ ယာယီတဲများဖြင့်နေထိုင်နေရကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
မန္တလေးတက္ကသိုလ်ပင်မဆောင်ကြီးမီးလောင်မှုကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်တို့မှ ၂၀၂၄ – ၂၀၂၅ ပညာရေးနှစ် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာအုပ်ရေ ၅၂၁,၈၉ အုပ် မီးလောင်ပျက်စီး ဆုံးရှုံးသွားကြောင်း စစ်ကောင်စီထုတ်ပြန် သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#တက္ကသိုလ်ဝင်တန်း #တိုင်းနှင့်ပြည်နယ်လေးခု #ပြန်ဖြေရမည် #သတင်းထွက်ပေါ် #စစ်ကောင်စီ၏ပညာရေးဝန်ကြီးဌာန #တရားဝင် #ထုတ်ပြန်ခြင်းမရှိ #Ayeyarwaddy_Times