ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၁၁ ရက်

ကော့သောင်းမြို့နယ်၊ အေးချမ်းသာရွာတွင် လုပ်ငန်းရှင်များထံမှ လစဥ်ကြေးကောက်ပြီး ပြန်လာသည့် ရဲကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ စခန်းမှူး အပါအဝင် ရဲသုံးဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အေးချမ်းသာရွာ လုပ်ငန်းရှင်များထံမှ လစဥ်ကြေးတောင်းပြီးပြန်လာသည့် ရဲကားကို ပြီးခဲ့သည့် ဧပြီ ၉ ရက် ညနေ ၄ နာရီ ၁၈ မိနစ်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖော့သုတ် သင်္ချိုင်းအနီး၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လစဥ်ကြေးကောက်ပြီး အပြန်မှာ အသစ်စောင့်ကြိုပြီးပစ်တာပါ။ ရဲကား နဲ့အတူ ဆိုင်ကယ်တစ်စီး လည်းပါလာတယ်။ အဲဒီဆိုင်ကယ်ကိုအရင်ပစ်တာပါ။ ဆိုင်ကယ်ကိုမောင်းတဲ့ ရဲတပ်ကြပ်ကြီး မောင်တူး ဆိုသူက ညာဖက်ဒူးခေါင်းကို ကျည်ထိမှန်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။ ကားပေါ်ကရဲတွေ ကတော့အားလုံးသေသွားတယ်” ဟု ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံကိုတိုက်ဂါး က ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မာရမ်းရွာ မာရမ်းတိုက်နယ်ရဲစခန်းမှ စခန်းမှူးရဲအုပ် မင်းအောင်စိုး၊ ဒုရဲအုပ် မျိုးလင်းနိုင်နှင့် ဒုရဲတပ်ကြပ် တို့နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်းသိရသည်။

မာရမ်းတိုက်နယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အေးချမ်းသာကျေးရွာရှိ ရာဘာအဝယ်ဒိုင်၊ မူးယစ် ဆေးဝါးလုပ်သူများနှင့် လူကုန်ကူးတဲ့ပွဲစားများထံမှနေ၍ ဘတ် ၁၀၀၀ မှ ၃၀၀၀အထိ လစဥ်ကြေးများ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီရဲတွေက နယ်စပ်ဒေသမှာ အရင်ကတည်းကကောက်နေကြတာ။ စစ်တပ်အာဏာသိမ်းပြီး တဲ့နောက်ပိုင်းမှာပိုဆိုးလာတယ်။ သူတို့ခေတ်ဆိုတော့ လစဥ်ကြေးကောက်ချင်သလို ကောက်နေတော့ တာပဲ။ လုပ်ငန်းအကြီး အသေးပေါ်မူတည်ပြီးကောက်တာပေါ့။ လုပ်ငန်းကြီးရင် ကြီးသလို လုပ်ငန်း ငယ်ရင် ငယ်သလိုမျိုးကောက်တယ်” ဟု တိုက်ဂါး က ဆက်လက်ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း 40 MM တစ် လက် ၊ 40 သီး ၁၆ လုံး ၊ Ak နှစ် လက် ၊ကျည်ဘောက် ငါး ခု ၊ကျည် ၉၄ တောင့် ၊လက်ပြစ်ဗုံး သုံး လုံး ၊9MM တစ် လက် ၊380 တစ် လက် ၊ ခြောက်လုံးပြူး တစ် လက် ၊ ဖုန်း လေး လုံး နှင့် ထိုင်းငွေ ၂၅၀၀၀ ဘတ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ကော့သောင်းမြို့နယ်ပြည်သူကာကွယ်ရေးအဖွဲ့။

#ကော့သောင်း #လုပ်ငန်းရှင်များ #လစဥ်ကြေးကောက် #ရဲကားတိုက်ခိုက်ခံရ #စခန်းမှူး #၃ဦးသေဆုံး #Ayeyarwaddy_Times