ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

ငလျင်ဒဏ်ကြောင့်နေအိမ်အဆောက်အအုံများပြန်လည်တည်ဆောက်ရေးအတွက် ပြည်သူများ ဘိလပ်မြေဝယ်ရန်ဈေးမြင့်တက်၍အခက်အခဲရှိနေချိန်တွင် စစ်တပ်နှင့်ခရိုနီပိုင်ဘိလပ်မြေစက်ရုံများမှ တိုင်းစစ်ကောင်စီထံ စက်ရုံဈေးဖြင့်ဘိလပ်မြေရောင်းချမည်ဖြစ်ကြောင်း သိရသည်။

စစ်တပ်ပိုင် ဘိလပ်မြေစက်ရုံ (မြိုင်ကလေး) နှင့် ရွှေတောင်လုပ်ငန်းစု ဦးအိုက်ထွန်း၏ အပါချီဘိလပ်မြေ စက်ရုံ(ပြင်ညောင်) စက်ရုံထွက် ဘိလပ်မြေတန်ချိန် ၅၁၀၀ ကျော်ကို ငလျင်ဘေးဒဏ်သင့်သော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့ကမှာယူထားသဖြင့် စက်ရုံအထိုင်ဈေးဖြင့်ရောင်းချမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင်ဖော်ပြထားသည်။

လက်ရှိတွင် ဘိလပ်မြေတစ်အိတ်ဈေးနှုန်းသည် ၂၅၀၀၀ ကျပ်၊ ကျပ် ၃၇၀၀၀ မှ ၄၆၀၀၀ ကျပ်အထိရှိကာ ဈေးနှုန်းမြင့်တက်နေသော်လည်း ပြည်သူများအနေဖြင့် လိုအပ်သည့် ဘိလပ်မြေဝယ်ယူ၍မရကြောင်း ငလျင်ဘေးဒဏ်သင့် ပျဉ်းမနားမြို့ခံများထံမှ သိရသည်။

“ ဘိလပ်မြေဝယ်မလောက်အောင်ရှားနေပါတယ်။ ဆောက်နိုင်ဖို့လည်းမလွယ်လောက်ဘူး” ဟု ပျဉ်းမနားမြို့ခံ ပညာသင်ကြားရေးဆရာတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဘိလပ်မြေအရောင်းဆိုင်များသည် ငလျင်လှုပ်ပြီးနောက်ပိုင်းတွင် ရောင်းချခြင်းမပြုဘဲ သိုလှောင်ထားပြီး ဈေးတက်သည့်အထိစောင့်ဆိုင်းနေသည်ဟု ထင်မြင်ရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ နေအိမ်ပြုပြင်ရာတွင် အလုပ်သမားလိုအပ်ချက်ရှိနေသည့်အပြင် ဘိလပ်မြေအရောင်းဆိုင်များက ဘိလပ်မြေများကိုသိုလှောင်ထားခြင်းကြောင့် ဈေးနှုန်းမြင့်တက်နေသည့်အပြင် အရောင်းမရှိကြောင်း ပျဉ်းမနားမြို့ခံများက ဆိုသည်။

” အစ်မတို့ ငလျင်လှုပ်ပြီး သုံးလေးရက်ကတော့ ဝယ်မရဘူး။ တစ်အိတ်ကို ၂၅၀၀၀ ကနေ ၃၇၀၀၀အထိတက်သွားတာ။ တစ်အိတ် ၃၇၀၀၀ ဝယ်ထားတာ နှစ်အိတ်ပဲရတယ်။ ပန်းရံတွေကလည်း ဘုန်းကြီးကျောင်းတို့လို အရေးကြီးတဲ့နေရာတွေက ခေါ်ထားလို့ လူမရှိသေးတော့မလုပ်ရသေးဘူး။ ပန်းရံခေါ်လို့ရမှ အိမ်ပြန်ပြင်ရမှာ။ သင်္ကြန်ပြီးလောက်မှ” ဟု ပျဉ်းမနားမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့်တင်သွင်းလာသော တန်ချိန် ၁၅၀၀ ပါဝင်သည့် ဘိလပ်မြေရေယာဉ်သည် ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့က ရွှေပြည်သာမြို့ရှိ ရွှေမဲဆိပ်ကမ်းတွင် ဆိုက်ရောက်နေပြီး ယခုကာလ ပွင့်လင်းရာသီတွင် ပြည်တွင်းဆောက် လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သော ဘိလပ်မြေကို တင်သွင်းခွင့်ပြုထားကြောင်း စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။

ဓာတ်ပုံ – ပျဉ်းမနားမြို့ခံတစ်ဦး၏ လူမှုကွန်ရက်
#ဘိလပ်မြေဈေးကြီး #ပြည်လည်တည်ဆောက်ရေး #ဘိလပ်မြေစက်ရုံ #စစ်ကောင်စီ #ဘိလပ်မြေရောင်း #Ayeyarwaddy_Times