နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ ကျေနပ်စရာရလဒ် မထွက်နိုင်သော်လည်း အပိုင်းပိုင်းခွဲ၍ နာဂစ်ကာလပုံစံမျိုး ကျင်းပလိမ့်မည်ဟု ထင်မြင်ယူဆမိကြောင်း ဝင်ရောက်ယှဥ်ပြိုင်ကြမည့် စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီအချို့ထံက သိရသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၎င်းတို့ ရွေးကောက်ပွဲကို ယခုနှစ်၊ ဒီဇင်ဘာ တတိယပတ်မှစ၍ လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ဒုတိယပတ်အထိ လေးပိုင်းခွဲကာ ပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် မတ်က ပြောဆိုထားသည်။

အဆိုပါ ရွေးကောက်ပွဲကို စစ်ကောင်စီက နာဂစ်မုန်တိုင်း တိုက်ခတ်စဥ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုနိုင်ရန် လုပ်သကဲ့သို့ ကျင်းပသွားနိုင်ကြောင်း ထိုရွေးကောက်ပွဲ ဝင်ပြိုင်မည့် အမည် မဖော်လိုသူ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

” နာဂစ်တုန်းကလည်း အဲဒီနေရာတွေကို ခဏထားပြီး ကျန်တဲ့တိုင်းတွေ လုပ်သွားတယ်။ သန်းခေါင် စာရင်း တုန်းကလည်း အဲဒီလို လုပ်သွားတာ တွေ့ရတယ်။ အခုအဲဒီလိုပဲ စစ်နဲ့ငလျင် နေရာတွေကို နောက်မှလုပ်မယ့်သဘော” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သို့သော် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် စစ်ရေးရှုံးနိမ့်မှုများအပြင် အင်အားပြင်း ငလျင်လှုပ်ခတ်လိုက်သဖြင့် ရွေးကောက်ပွဲရလဒ်အပေါ် ဝင်ရောက်ယှဥ်ပြိုင်မည့် အင်အားနည်း နိုင်ငံရေးပါတီအချို့က စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ဒီရွေးကောက်ပွဲ ရလဒ်ကတော့ ကျေနပ်စရာ ရှိမှာမဟုတ်ဘူး။ သို့သော် အဆိုးထဲက အကောင်းယူ ဆိုသလိုပေါ့။ ဒါမလုပ်ဘူးဆိုရင် နစ်နာမှုတွေ ပိုများသွားမယ်” ဟု တိုင်းအဆင့် ဝင်ပြိုင်သွားမည့် အမည်မဖော်လိုသည့် နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရန် အချိန်နီးကပ်လာ၍ လူပြောင်းကစားမှုအဖြစ် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC)ဒုဥက္ကဋ္ဌနေရာကို အဖွဲ့ဝင် ဦးသန်းစိုးအား ခန့်အပ် တာဝန်ပေးလိုက်ကြောင်း ၎င်းတို့ဝါဒဖြန့် သတင်းစာများအရ သိရသည်။

ထို့အပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် လာမည့်မေ ၉ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ရမည်ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးအတွက် အချိန်လုံလောက်စွာ ရရှိစေရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-စစ်ကောင်စီ
#စစ်ကောင်စီရွေးကောက်ပွဲ #ကျေနပ်စရာရလဒ် #နာဂစ်ပုံစံကျင်းပလိမ့်မည် #ဝင်ပြိုင်မည့်ပါတီ #Ayeyarwaddy_Times