
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် ကပစ ၂၄ မှ ဗိုလ်မှူးတစ်ဦးနှင့် KTV ပိုင်ရှင်တစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပခုက္ကူမြို့ စက်မှုဇုန် ရထားဘူဝာာနှင့် အိမ်ဖြူတော် KTV အနီးတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄)မှ ဗိုလ်မှူး သော်ဇင်ဦးနှင့် အိမ်ဖြူတော် KTV ပိုင်ရှင် ဦးမြင့်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။
“ကပစက ဗိုလ်မှူးနဲ့ KTV ပိုင်ရှင်တို့ ပစ်ခံရပြီးသေတာ။ ဂေါက်ကွင်းကနေ ကားနဲ့ပြန်လာကြတဲ့အချိန် ပစ်ခံရတာ။ အလောင်းကိုယူသွားပြီး စစ်ဆေးနေကြတယ်။ ဒီမနက်လည်း ကပစ ၂၄ ဘက်ကို ရဟတ်ယာဉ်ဆင်းသွားတယ်။ အလောင်းသယ်တာလားမသိဘူး”ဟု ပခုက္ကူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၄)မှ ဗိုလ်မှူး သော်ဇင်ဦးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်စဉ် ဗိုလ်မှူးသော်ဇင်ဦးမှာ နေရာတွင်သေဆုံးပြီး ကားထဲတွင်အတူလိုက်ပါလာသည့် အိမ်ဖြူတော် KTV ပိုင်ရှင်ပါသေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ ထုတ်ပြန်ထားသည်။
ပြည်သူများအနေဖြင့် စစ်ရေးအရှိန်မြင့်လာသည့်အတွက် စစ်ကောင်စီ စခန်းနှင့် စစ်ကောင်စီတပ်သားများနှင့် ဝေးရာတွင် သွားလာနေ ထိုင်ကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့မှ အသိပေးထားသည်။
တိုက်ခိုက်မှုကို Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း (၃)တပ်ခွဲ (၄)နှင့် ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မကွေး #ပခုက္ကူ #ကပစ၂၄ #ဗိုလ်မှူး #KTV #ပိုင်ရှင် #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times