(မလေးရှား)၊ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

မလေးရှားနိုင်ငံ၊ ဆလန်ဂေါ့ပြည်နယ်၊ ကာကျန်းမြို့တွင် မြန်မာနိုင်ငံသားအပါဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၂၂၈ ဦး ဖမ်းဆီးခံရကြောင်း ရှားလမ်းလူဝင်မှုကြီးကြပ် ရေးအဖွဲ့က ယနေ့ ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကာကျန်းမြို့ရှိ နိုင်ငံခြားသားအများစုနေထိုင်သည့်နေရာများကို ယမန်နေ့ ဧပြီလ ၁၀ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် မလေးရှား ရဲတပ်ဖွဲ့၊ လဝကအဖွဲ့နှင့် ဌာနပေါင်းစုံက ဝင်ရောက်စစ်ဆေးရာတွင် အထောက်အထား မပြနိုင်သူများ ဖမ်းဆီးခံရခြင်းဖြစ်သည်။

“လူပေါင်း တစ်ထောင်ကျော် စစ်ဆေးတဲ့အထဲမှာ အထောက်အထားအပြည့်စုံ မပြနိုင်တဲ့ လူနှစ်ရာကျော်လောက်က ဖမ်းဆီးခံရပါတယ်။ အဲထဲမှာ စက်ရုံ၊ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့မြန်မာတွေလည်းအများစုပါသွားတယ်” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဖမ်းဆီးခံရသည့် နိုင်ငံခြားသား ၂၈၈ ဦးတွင် ဘင်္ဂလားဒေ့ရှ် (၉၃) ဦး၊ အင်ဒိုနီးရှား (၄၉ ) ဦး၊ မြန်မာ (၅၉) ဦး၊ ပါကစ္စတန် ခြောက်ဦး၊ နီပေါ (၄၆) ဦး၊ အိန္ဒိယ (၂၂ ) ဦး၊ သီရီင်္လာကာ (၁၁) ဦး နှင့် ဆူဒန် နှစ်ဦး တို့ဖြစ်သည်။

အလားတူ ပီနန်းပြည်နယ်၊ ပီနန်းမြို့တွင်လည်း ယမန်နေ့ ဧပြီ ၁၁ ညတွင် နိုင်ငံခြားသားများနေထိုင်သည့် အိမ်ဖလက်တွင် ရဲတပ်ဖွဲ့၊ လဝက နှင့် ဌာနပေါင်းစုံမှ နှစ်ကြိမ် ဝင်ရောက်စစ်ဆေးရာ မြန်မာအပါအဝင် နိုင်ငံခြားသား ရာနှင့်ချီ ဖမ်းဆီးခံရသည်။

“ပီနန်း ဂျလန်း ငါးမှာ မနေ့ညက လဝကတွေ ဝင်သွားပါတယ်။ အဲ့နေရာမှာ မြန်မာတွေများတယ်။ အသိတွေ အတော်များများပါသွားတယ်။ တိုင်ကြားချက်နဲ့ဝင်တာဖြစ်မယ်။ အခန်းတိုင်း ဝင်မဖမ်းဘဲ အခန်းရွေးပြီး ဝင်သွားတယ်။ ဘယ်နှစ်လောက်ဖမ်းသွားလဲဆိုတာတော့ မသိရဘူး။ ကားအကြီးနှစ်စီးစာလောက်ဖမ်းသွားတယ်” ဟု မလေးရှားရောက်မြန်မာတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဖမ်းဆီးခံရသည့် နိုင်ငံခြားသားများကို မလေးရှားတွင် တရားမဝင်နေထိုင်မှုဖြင့်လူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အရေးယူပြီး နောက် သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်သည်။

#မလေးရှား #မြန်မာအပါအဝင် #အထောက်အထားမဲ့ #နိုင်ငံခြားသား၂၂၈ဦး #ဖမ်းဆီးခံရ #Ayeyarwaddy_Times