
ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး ယနေ့တွင်လည်း တိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့ ဧပြီ ၁၁ရက် မနက် ၃နာရီ ၄၀မိနစ်အချိန်ခန့်တွင်သဲချောင်းရွာသစ်ကို လေကြောင်းမှ ဗုံးသီးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း Kawlin people defense force- KLPDF ထံမှ သိရသည်။
“ဒီနေ့ကြဲတဲ့ ဗုံးသီးတွေမှာ တစ်လုံးကမကွဲဘူး။ ကျန်တာကလည်း ရွာအပြင်ကျလို့ လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိထားပါတယ်” ဟု ကောလင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗုံးကြဲချတိုက်ခိုက်ခံရသည့် သဲချောင်းရွာသစ်မှာ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ရွှေဘို- မြစ်ကြီးနားလမ်းဘေးတွင်ရှိကြောင်း သိရသည်။
မပေါက်ကွဲသည့် ဗုံးသီးကို KLPDF မှ တူးဖော်ရှင်းလင်းရေး လုပ်ဆောင်ထားပြီး အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဖြစ်သည်ဟု KLPDFက ပြောသည်။
စစ်ကောင်စီက ယနေ့ ဧပြီ ၁၁ရက် ညနေ ၃နာရီ ၃၀မိနစ်တွင် ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းရွာကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားကြောင်း သိရသည်။
ယမန်နေ့ ဧပြီ ၁၀ရက်နေ့ကလည်း အင်ပင်လှရွာကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိကာ ပျက်စီးဆုံးရှုံးမှုများကြောင်း KLPDFက ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နယ်မြေများတွင် အရပ်သားပြည်သူများကို အဓိက ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ပြီး ဝန်းသိုမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွင်လည်း ဒေသခံ ၃၀နီးပါး သေဆုံးခဲ့သည်။
ဓါတ်ပုံ – KLPDF
ပုံစာ- သဲချောင်းရွာသစ်တွင် မပေါက်ကွဲသေးသည့် ဗုံးသီးကို တူးဖော် ရှင်းလင်းနေစဥ်
#ကောလင်း #စစ်ကောင်စီ #လေကြောင်း #ထပ်မံတိုက်ခိုက် #Ayeyarwaddy_Times