ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ရက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ နမ့်မွန်းမြိုအနီးတွင် စစ်ကောင်စီ၊ ရှမ်းနီပူးပေါင်းတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIAတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ ၁၁ရက် နံနက် ၃နာရီ ၃၀မိနစ်ခန့်တွင် နမ့်မွန်းမြို့ဆနွင်းကုန်းကျေးရွာ KIAစခန်း အနီးသို့ စစ်ကြောင်းထိုးလာသည့် SNA ရှမ်းနီ၊ စစ်ကောင်စီပူးပေါင်းတပ်တို့နှင့် KIAတို့တိုက်ပွဲဖြစ်ပွားခဲ့‌ခြင်းဖြစ်သည်။

တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး လက်နက် သုံးလက်ရရှိကြောင်း ကချင်သတင်းရင်းမြစ်ထံမှ သိရသည်။

“တိုက်ပွဲက နှစ်ကြိမ်ဖြစ်တယ်။ မနက်ရှစ်နာရီလောက်မှာ စစ်တပ်ဘက်က တပ်ပြန်ဆုတ်သွားရတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆနွင်းကုန်းကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ရှမ်းနီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသဖြင့် KIAနှင့် စစ်​ရေးတင်းမာသည့်အတွက် ဒေသခံပြည်သူများ စစ်ရှောင်နေကြကြောင်း သိရသည်။

စစ်ကောင်စီက အပစ်ရပ်သည်ဟု ထုတ်ပြန်ထားသော်လည်း KIA စခန်းရှိရာသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီက အင်အားတိုးချဲ့ခြင်းနှင့် စစ်လက်နက်ပစ္စည်းများထောက်ပို့ရန် လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

#ကချင် #မိုးညှင်း #စစ်ကောင်စီ #စစ်ကြောင်းထိုး #တိုက်ပွဲဖြစ် #၅ဦးသေဆုံး #တပ်ဆုတ် #Ayeyarwaddy_Times