ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကယန်းပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ ဧပြီ ၁၀ ရက်က ကျင်းပခဲ့သည့် ၂၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားပြီးနောက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီသည် စစ်မဲ့ဇုံဒေသဖြစ်သည့် ကယန်းအမျိုးသားနေ့အခမ်းအနား ကျင်းပခဲ့သည့်ရွာကို ပေါင် ၂၀၀ ဗုံးများကြဲချကာ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ လေကြောင်းတိုက်ခိုက်သည့်ဖြစ်စဉ်မျိုး ထပ်မံကျူးလွန်ပါက ဖြစ်ပေါ်လာမည့်ကိစ္စရပ်များကို တာဝန်ယူမည်မဟုတ်ကြောင်း ကယန်းပြည်သစ်ပါတီက ထုတ်ပြန်ခဲ့သည်။

ငလျဘေးကြောင့် တရားဝင် အပစ်ခတ်ရပ်စဲရေးကြေညာထားသည့် စစ်ကောင်စီအနေဖြင့် ကယန်းအမျိုးသားနေ့တွင် ယခုကဲ့သို့တိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း နှင့် တိုင်းရင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းသတ်မှတ်ခြင်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ကယန်းပြည်သစ်ပါတီက ပြောဆိုထားသည်။

ထို့ပြင် ကယန်းပြည်သစ်ပါတီ၏ ဗဟိုအတွင်းစည်းဧရိယာဖြစ်သည့် သိကျိတ်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင်မှာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲစဉ်က သဘောတူညီချက်များကို စစ်ကောင်စီက အတိအလင်းချိုးဖောက်ခြင်းသာဖြစ်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ကယန်းပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သိကျိတ်ကျေးရွာရှိ နေအိမ် သုံး လုံးပျက်စီးခဲ့ပြီး အရပ်သား နှစ် ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် စစ်ကိုင်းမြို့အနီးဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ဧပြီ ၂ ရက် မှ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ်ရပ်စဲရေးကာလဟု ကြေညာထားသော်လည်း လေကြောင်းတိုက်ခိုက်ခြင်း နှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ဆက်တိုက်လုပ်ဆောင်နေသည့်အတွက် အဆိုပါကာအတွင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဖယ်ခုံ #ကယန်းအမျိုးသားနေ့ #သိကျိတ်ရွာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times