
(ချင်း)၊ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နှင့် မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးခဲ့ပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
ယမန်နေ့ ဧပြီ ၉ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တီးတိန်မြို့နယ်၊ Saizang ကျေးရွာကို ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်၍ ကလေးအပါအဝင် အရပ်သား ခြောက်ဦးသေဆုံးခဲ့သည်။
“လူအိမ်မောကျနေချိန် လေကြောင်း တိုက်ခိုက်တာပါ။ မိသားစုဝင် ခြောက်ဦး ပွဲချင်း ဆုံးသွားတယ်။ ကလေး နှစ်ယောက်ပါတယ်။ တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ ပြင်းထန်ဒဏ်ရာနဲ့ ကလေးမြို့ ပြည်သူ့ဆေးရုံ ပို့ဆောင်ထားတယ်” ဟု တီးတိန်မြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသူများသည် Pau Sian Kham၊ Cing Sen Don၊ Kham Ho Van၊ Cing Sian Nuam၊ Suan Deih Sian နှင့် Kim Deih Piang တို့ဖြစ်ကြပြီး နေအိမ် သုံးလုံးထက်မနည်း ပျက်စီးသွားသည်။
ယမန်နေ့ည စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုအပြီးတွင် နောက်ထပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်မည်ကို စိုးရိမ်နေကြသည့် Saizang ကျေးရွာနေပြည်သူများသည် တောတောင်ထဲတွင် တိမ်းရှောင်နေကြရသည်။
တီးတိန်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည့်မြို့ဖြစ်ပြီး လက်ရှိတွင် မည်သည်တိုက်ပွဲမှဖြစ်ပွါးခြင်းမရှိသေးသော်လည်း စစ်ကောင်စီသည် ရံဖန်ရံခါ အရပ်သားများနေထိုင်သည့် ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ညက မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုရှိသော်လည်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ်မသိရှိရသေးဟု ဆိုသည်။
#တီးတိန် #မင်းတပ် #လေကြောင်းတိုက်ခိုက် #ကလေးအပါအဝင် #အရပ်သား၆ဦးသေဆုံး #Ayeyarwaddy_Times