
ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ရက်
အာရက္ခတပ်တော် (AA) ၏ ၁၆ နှစ်မြောက် တပ်တော်မွေးနေ့ ယနေ့ ဧပြီ ၁၀ ရက်နေ့ကို ပြည်သူ့ ကာကွယ်ရေးတပ်မတော် အမှတ် (၂၉) ဗျူဟာ၊ ဧရာဝတီအနေဖြင့် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
အာရက္ခပြည်(ရခိုင်ပြည်နယ်) ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရက္ခပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရန်အတွက် အာရက္ခတပ်တော်၏ စွန့်လွှတ်စွန့်စား ဆောင်ရွက်မှုများတွင် တစ်စိတ်တစ်ပိုင်းပါဝင်ခွင့် ရသည့်အတွက် လေးနက်စွာ ဂုဏ်ယူကြောင်းလည်း အမှတ် (၂၉) ဗျူဟာ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
ဧရာဝတီနှင့် အာရက္ခပြည်သည် နယ်နိမိတ်မြေထိစပ်မှု ရှည်လျားစွာတည်ရှိနေပြီး အပြန်အလှန် ကူညီဆောင်ရွက်ပေးမှုများကို ထာဝရမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု အမှတ် (၂၉) ဗျူဟာက ဆိုသည်။
ယနေ့တွင်ကျရောက်သော အာရက္ခတပ်တော်၏ ၁၆ နှစ်မြောက်မွေးနေ့မှသည် အာရက္ခပြည်သူ တစ်ရပ်လုံးမျှော်မှန်းသော အာရက္ခအိပ်မက်ကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ပိုမို ဆောင်ရွက်နိုင်ပါကြောင်းနှင့် ယခုကဲ့သို့ သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက် ကြောင်း အမှတ် (၂၉) ဗျူဟာ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။
လက်ရှိတွင် AA ၏ထိုးစစ်မှာ ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ဧရာဝတီတိုင်းအတွင်းထိ ရောက်ရှိလာပြီး စစ်ကောင်စီစခန်းအချို့ကို သိမ်းပိုက်ထားကာ ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ ရေကြည်၊ အင်္ဂပူ မြို့နယ်များတွင် AA ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။
ဓာတ်ပုံ-အင်တာနက်
#အာရက္ခတပ်တော် #၁၆နှစ်မြောက်မွေးနေ့ #အမှတ်၂၉ဗျူဟာဧရာဝတီ #သဝဏ်လွှာ #ပေးပို့ #Ayeyarwaddy_Times