ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ရှိ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ၍ ကလေးတစ်ဦး သေဆုံးကာ သုံးဦးအပြင်း အထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့ ဧပြီ ၁၀ရက် နေ့လယ် ၁နာရီ ၄၀ မိနစ်ခန့်က အင်ပင်လှ ကျေးရွာ စာသင်ကျောင်းကို လေယာဉ်ဖြင့် ပေါင် ၅၀၀ ‌ဗုံးသီး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် (၁၄) နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရသည်။

“လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာမှာ စာသင်ကျောင်းကိုထိပြီး မဇင်မာဝင်းဆိုတဲ့ ‌ကလေးမလေး တစ်စစီဖြစ်သွားတယ်။ အကြောင်းမဲ့ ဗုံးလာကြဲသွားတာပါ” ဟု ကောလင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဗုံးသီး တစ်လုံးမှာ စစ်ရှောင်များနေထိုင်သည့် စာသင်ကျောင်းပေါ်ကို တည့်တည့်ကျရောက် ပေါက်ကွဲ သည့်အတွက် သေဆုံးသူ၏ ရုပ်အလောင်းကို တစ်စစီလိုက်လံကောက်ယူထားရကြောင်း ဒေသခံများ ထံမှ သိရသည်။

တံတားဦးလေဆိပ်မှ တက်လာသည့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်သည် စစ်ရှောင်များ နေထိုင်သည့် စာသင်ကျောင်းပေါ်သို့ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းရှိ အင်းတော်မြို့ကို လက်လွှတ်လိုက်ရပြီးနောက် အင်းတော် မြို့နယ်နှင့်အနီး ပတ်ဝန်းကျင် မြို့နယ်များကို ဗုံးကြဲချ တိုက်ခိုက်လာခြင်းဖြစ်ပြီး ယမန်နေ့ ဧပြီ ၉ ရက်နေ့ကလည်း ဝန်းသိုမြို့နယ် နမ်းခမ်းရွာ ဆေးရုံရှေ့ကို ဗုံးကြဲချတိုက်ခိုက်ရာ ဒေသခံ ၃၀ နီးပါးသေဆုံးခဲ့သည်။

ဓာတ်ပုံ- Kawlin Info
ပုံစာ- ဗုံးကြဲခံရသည့် အင်ပင်လှရွာ စာသင်ကျောင်း
#ကောလင်း #အင်ပင်လှ #စာသင်ကျောင်း #စစ်ကောင်စီ #ဗုံးကြဲ #ကလေး #သေဆုံး #Ayeyarwaddy_Times