ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျသွားသောအဆောက်အအုံများတွင် ဆောက်လုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများက စံချိန်စံညွှန်သတ်မှတ်ချက်အတိုင်းတည်ဆောက်မှုမရှိသဖြင့် ပြိုကျပျက်စီးရခြင်းဖြစ်ကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့က နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် – ၃၀၀ ၏ ငလျင်ဒဏ်ကြောင့်အဆောက်အအုံထိခိုက်ပျက်စီးမှုများအခြေအနေကို လေ့လာပြီးနောက် ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

ထို့ပြင်အဆောက်အအုံများတည်ဆောက်ရာတွင် တာဝန်ရှိသူများအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

” အင်ဂျင်နီယာ ကြီးကြပ်မှု နဲ့ ဆောက်တဲ့ အဆောက်အဦတိုင်းဟာ အဆောက်အဦတည်ဆောက်မှုဆိုင်ရာ Code တွေ နဲ့ အညီလုပ်ကြတယ်လို့ အကြမ်းအားဖြင့်ပြောလို့ ရပါတယ်။ Code အတိုင်းမှန်မှန်ကန်ကန် လုပ်၊မလုပ် ဆိုတာကို အင်ဂျင် နီယာက ကြီးကြပ်ဖို့ပဲ” ဟု မြို့ပြအင်ဂျင်နီယာတစ်ဦးက ထောက်ပြပြောကြားသည်။

ထို့ပြင်အဆောက်အဦးတည်ဆောက်ရာတွင် လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ ၊ သံချောင်း ၊အုတ်သဲကျောက်များကို အင်ဂျင်နီယာသတ်မှတ် အရည်အသွေး( Engineering Characteristic ) ပြည့်မီရန်နှင့် ပစ္စည်းများကိုလိုအပ်သလောက် သုံးပြီး မခိုရန်လိုအပ်ကြောင်း ၎င်း က ဆက်လက်ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့တွင်အဆောက်အဦးပေါင်း ၂၀၀၀ နီးပါးပြိုကျပျက်စီးသွားပြီး ၃၀၀၀ နီးပါးက တစ်စိတ်တစ်ပိုင်းပြိုကျသွားကြောင်း Myanmar Information Management Unit ( MIMU) ထုတ်ပြန်ထားပြီး မန္တလေးမြို့ရှိ အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၆၀၀၀ ကျော်တန်သည့် sky villa ကွန်ဒိုအပါအဝင် အများပြည်သူနေထိုင်ရာအဆောက် အအုံများပြိုကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု၊ လေ့လာမှုများမရှိကြောင်း သိရသည်။

လက်ရှိငလျင်ဒဏ်ကြောင့် အဆောက်အဦတာဝါ လေးခုတွဲပြိုကျပျက်စီးသွားရပြီး လူရာနှင့်ချီသေဆုံးနိုင်သည့် မန္တလေးမြို့ရှိ sky villa ပြိုကျမှုအပေါ် သက်ဆိုင်ရာကုမ္ပဏီက ဝမ်းနည်းကြောင်းဖော်ပြခြင်းမရှိဘဲ ဝေဖန်ခဲ့သူအင်ဂျင်နီယာတစ်ဦးကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် လျှပ်စစ်မီးပြတ်နေသည့်အချိန်တွင် sky villa သည် ၂၄ နာရီလျှပ်စစ်မီးရရှိခြင်း၊ လုံခြုံရေးစောင့်ကြပ်မှုရှိခြင်းကြောင့် ယင်းကွန်ဒိုတွင် လူနေထိုင်မှုများကြောင်းသိရသည်။

လက်ရှိပြိုကျရသည့်အဆောက်အဦများတွင် ဝန်သေ ( dead load) နှင့် လေ၊ မိုး၊ နှင်း၊ ငလျင်၊ ရေအားကဖြစ်ပေါ်သည့် ဝန်အလေးချိန် ( live load ) တို့ မှန်ကန်ရမည်အခြေအနေရှိ၊ မရှိ နှင့် အောက်ခံမြေသားခံနိုင်မှုအခြေအနေများ တစ်ခုခုချို့ယွင်းသဖြင့် ပြိုကျရခြင်းဖြစ်ကြောင်း မြို့ပြအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောကြားသည်။

နှစ်စဉ်လိုလို သဘာဝဘေးအန္တရာယ် ကျရောက်‌လေ့ရှိပြီး ငလျင်ကြောတွင် ပေါ်တည်ရှိနေသည့် မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် စီမံကိန်းအားလုံးစနစ်ကျဖြစ်ရန်နှင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန်အရေးကြီးကြောင်း သိရသည်။

လက်ရှိပုဂ္ဂလိကပိုင် တိုက်အိမ်များဆောက်လုပ်ရာတွင် စံသတ်ချက်မပါဘဲ ဆောက်လုပ်ရေးအကြောင်းနားလည်ရုံနှင့် ပန်းရံဆရာများဖြင့် အိမ်ဆောက်နေမှုများရှိကြောင်း မန္တလေးမြို့ခံများထံက သိရသည်။

“နည်းနည်းတွတ်ချက်တတ်ရုံနဲ့ နယ်တွေရွာတွေမှာ ကိုယ့်ဘာသာအိမ်ဆောက်ကြတာပဲ။ အထပ်မြင့်တော့မဟုတ်ဘူး။ တစ်ထပ်အိမ်လောက်ပဲ ကိုယ့်ဘာသာအင်္ဂတေကိုင်ပြီးဆောက်တာ။ ပန်းရံခေါင်းဆောင် ကျွမ်းကျင်သူဆိုရင် အဆင်ပြေပြီ။ အဲဒီလိုပဲဆောက်နေကြတာ” ဟု မန္တလေးမြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

မြန်မာနိုင်ငံအတွင်းအဆောက်အအုံတည်ဆောက်ရာတွင် အထိပ်နိမ့်၊ အထပ်မြင့်မည့်သည့်အမျိုးအစားမဆို နိုင်ငံလုံးဆိုင်ရာအရည်အသွေးတပြေးညီတည်ဆောက်ရန်အတွက် building code ( အဆောက်အအုံဆိုင်ရာစည်းမျဉ်း) သတ်မှတ်ထားပြီး

၁၉၈၀ ပြည့်နှစ် မှ ၂၀၁၃ ခုနှစ်အတွင်း တည်ဆောက်ထားသည့် ရန်ကုန်မြို့ရှိ အဆောက်အအုံများတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုအား တွက်ချက်တည်ဆောက်ထားခြင်းမရှိကြောင်း YCDC ထံမှ သိရသည်။

အဆိုပါ‌ building code ရေးဆွဲရာတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ UN – Habit ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ နည်းပညာတက္ကသိုလ်နှင့် အစိုးရအဖွဲ့အစည်းများပူးပေါင်းရေးဆွဲထားခြင်းဖြစ်ပြီး ၂၀၁၆ တွင်ထွက်ပေါ်ပြီး၂၀၂၀ ပြည့်နှစ်အထိ ပြင်ဆင်ဖြည့်စွက်ပြုစုထား ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော ရစ်ခ်တာစကေး ၇ ဒသမ ၇ နှင့် ၇ ဒသမ ၅ အဆင့်ငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်ငယ်များ နေ့စဉ်လှုပ်ခတ်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ထိုသို့ ငလျင်လှုပ်ခတ်ခဲ့ပြီး ထိုင်းနိုင်တွင်လည်း ငလျင်လှုပ်ခတ်ခဲ့ရာ ဘန်ကောက်ရှိ ဆောက်လက်စ အထပ် ၃၀ အဆောက်အဦ ပြိုကျခဲ့ပြီး တိုက်အပျက်အစီးများကိုစစ်ဆေးရာတွင် အရည်အသွေးမပြည့်မီသောသံတိုင်များတွေ့ရကြောင်း ကြေညာသည်။

ဓာတ်ပုံ – လူမှုကူညီရေးအဖွဲ့များ
#အဆောက်အအုံတည်ဆောက်ရေး #အဆောက်အဦးတည်ဆောက်ရေး #စံချိန်စံညွှန်းညီရန် #စစ်ခေါင်းဆောင်ဆို #skyvilla #ကွန်ဒိုပြိုကျ #မန္တလေးငလျင် #စစ်ကိုင်းငလျင် #လူသေဆုံးမှုများ #Ayeyarwaddy_Times