
ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်
ပြင်းထန်သည့် စစ်ကိုင်းငလျင်ဘေးသင့်ကာလ နှင့် စစ်ကောင်စီက ထုတ်ပြန်ထားသည့် အပစ်အခတ် ရပ်စဲရေးကာလတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁၀၀ ဝန်းကျင် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ငလျင်ဘေးသင့်သည့် မတ် ၂၈ ရက်မှ ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့အထိ စစ်အုပ်စု၏ပစ်ခတ်မှုကြောင့် သေဆုံးသူ ၇၂ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ယမန်နေ့ ဧပြီ ၉ ရက်နေ့က ဝန်းသိုမြို့နယ်ကို တိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း ဒေသခံ ၂၆ ယောက်သေဆုံးခဲ့ရကြောင်း သိရသည်။
ဧပြီ ၂ ရက်နေ့က စတင်သည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရက် ၂၀ ကြာ ယာယီအပစ်အခတ်ရပ်စဲရေးကာလတွင် စစ်ကောင်စီက ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာရှိ ဆေးရုံသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၂၆ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အပစ်အခတ်ရပ်စဲတယ်လို့ကြေညာပြီး နောက်ပိုင်းမှာပဲ လေ့လာချက်အရ ဗုံးကြဲတဲ့ဖြစ်စဉ် ပါရာမော်တာတွေ၊ ဂျက်ဖိုက်တာတွေ နောက်ပြီးတော့ဒရုန်းတွေနဲ့ ဗုံးကြဲတဲ့ဖြစ်စဉ်ပေါင်း ၃၈ ခုလောက်ရှိခဲ့တယ်။ စစ်တပ်ကတော့ ဒီတိုင်းပဲ စာရွက်ပေါ်မှာဟန်ပြ အပစ်အခတ်ရပ်စဲတယ်ဆိုတာမျိုး ထုတ်ပြီးတော့ မြေပြင်မှာတော့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ် မှုတွေကို နေ့စဉ်ရက်ဆက်ကျူးလွန်နေတာဖြစ်တယ်ဆိုတာ အင်မတန်မှသိသာထင်ရှားပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် အင်အားကြီး ငလျင်စတင်လှုပ်ခတ်သည့် မတ် ၂၈ ရက်မှ ဧပြီ ၈ ရက်နေ့အထိ ကာလအတွင်း ရန်ကုန် နှင့် တနင်္သာရီ မှလွဲ၍ ကျန် ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၂ ခုတွင် လေကြောင်း နှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ၉၂ ကြိမ်အထိပြုလုပ်ခဲ့ကြောင်းလည်း NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဧပြီ ၂ ရက်မှ ၂၂ ရက်နေ့အထိ ယာယီအပစ်အခတ် ရပ်စဲရေးကြေညာထားပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားစုဖွဲ့ခြင်း၊ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ နယ်မြေတိုးချဲ့ခြင်းများပြုလုပ်ပါက တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ကာ ငလျင်သင့်ဒေသများပါမချန် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များအပါအဝင် အရပ်သားများ သေဆုံး နေသော်လည်း စစ်ကောင်စီလက်အောက်ခံ လော်ဘီများကမူ တော်လှန်ရေးတပ်ဖွဲ့များကြောင့် ဖြစ်ကြောင်း ဝါဒဖြန့် ပြောဆိုမှုများ ပြုလုပ်လျက်ရှိသည်။
“ဒီလိုမျိုးပြည်သူကို ဦးတည်ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာလည်း ဒီနေရာတွေက PDF တွေရှိလို့ ဒီနေရာတွေက တော်လှန်ရေးအင်အားစုတွေရှိလို့ဆိုတဲ့ သတင်းအလိမ်၊ သတင်းအမှားတွေကိုလည်း သူတို့(စစ်ကောင်စီ) ရဲ့လော်ဘီချန်နယ်တွေကနေပြီးတော့ မကြဲခင်မှာလည်းဖြန့်သလို ကြဲပြီး နောက်မှာလည်း အဲ့လိုမျိုးဇာတ်ကြောင်းကို ပုံဖော်ဖန်တီးဖို့ကြိုးစားတဲ့လုပ်ရပ်တွေလည်း တပြိုင်နက် တည်း လုပ်နေတာတွေ့ရပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး အခြေပြု လှုတ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ယမန်နေ့ ဧပြီ ၉ ရက်နေ့အထိ သေဆုံးသူ ၃၆၄၉ ဦးရှိပြီး ဒဏ်ရာရသူ ၅၀၁၈ ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဝန်းသိုမြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံထားရပုံ
#စစ်ကိုင်းငလျင် #စစ်ကောင်စီ #အပစ်ခတ်ရပ်စဲရေး #လေကြောင်းတိုက်ခိုက် #အရပ်သားသေဆုံး #Ayeyarwaddy_Times