
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွားသည့် တပ်မ (၇၇) တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့နယ်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။
မြို့သိမ်းတိုက်ပွဲအတွင်း စခန်းစွန့်ခွာထွက်ပြေးသွားသည့် တပ်မမှူးနှင့်အဖွဲ့ကို ကသာမြို့တွင် တော်လှန် ရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“ဖမ်းထားတာဟုတ်တယ်။ နောက်ဆက်တွဲတွေ တော့ မသိရသေးဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို အတည်ပြုပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ ၇ ရက် ည ၉ နာရီက အင်းတော်မြို့ရှိ တပ်မ (၇၇) ရှေ့တန်းဌာနချုပ် အခြေ စိုက်ထားသည့် ဂျပန်လှိုဏ်ဂူကုန်းကို တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ် လိုက်ခြင်းဖြစ်သည်။
မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော် နှင့် လက်နက်ခဲယမ်းအများအပြားကိုပါ သိမ်းဆည်းရမိခဲ့ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများကို ယမန်နေ့ ဧပြီ ၈ ရက်နေ့တွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြခဲ့သည်။
အင်းတော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းမှနေ၍ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး မြို့ကိုသိမ်းပိုက်ပြီးနောက်တွင်လည်း လေကြောင်းမှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
#စစ်ကိုင်း #အင်းတော် #ထွက်ပြေး #၇၇တပ်မမှူး #ကသာ #ဖမ်းမိ #Ayeyarwaddy_Times