ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

ကိုရီးယားနိုင်ငံရှိ နာမည်ကြီး K-Pop Idols ကြယ်ပွင့်များစွာကို မွေးထုတ်ပေးခဲ့သည့် ကိုရီးယားထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်သည့် JYP Entertainment မှ မြန်မာ့ငလျင်ဘေးအတွက် ဝမ်သန်း ၃၀၀ (မြန်မာငွေ သိန်းပေါင်း ၉၀၀၀ ကျော်) လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းငွေများကို မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်လိုအပ်နေသည့် အစား အသောက်၊ သောက်သုံးရေ၊ ကလေးသူငယ်ဆေးကုသမှုဆိုင်ရာအကူအညီများ နှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု အကူအညီ‌‌များ ပေးဆောင်နိုင်ရန် နိုင်ငံတကာကယ်ဆယ်ရေး နှင့် ဖွံ့ဖြိုးရေး NGO တစ်ခုဖြစ်သည့် World Vision ထံ လှူဒါန်း ခဲ့ကြောင်း သိရသည်။

“ငလျင်ဒဏ်ကြောင့် ကျန်ရစ်သူ မိသားစုများ၊ ထိခိုက်သေဆုံးခဲ့ရသူများအားလုံးအတွက် အထူး ဝမ်းနည်းကြေကွဲရပါတယ်။ ကလေးတွေအားလုံး နဲ့ သူတို့ရဲ့မိသားစုတွေ ဒီကပ်ဘေးကနေ အမြန်ဆုံး ပြန်လည်ထူထောင်လာနိုင်ပြီး နေ့စဉ်ဘဝနဲ့ ကျန်းမာရေး အခြေအနေတွေ ပြန်လည်ကောင်းမွန်နိုင်ဖို့ ဆုတောင်းပေးပါတယ်” ဟု JYP ENTERTAINMENT က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံရှိ လူငယ်များကြားတွင် နာမည်ကြီးလူကြိုက်များသည့် TWICE၊ ITZY၊ Day6၊ Stray Kids စသည့် K-Pop အဖွဲ့များသည် JYP Entertainment ဖျော်ဖြေရေး ကုမ္ပဏီမှ ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ အခြားအနုပညာရှင်များဖြစ်သည့် ထိုင်းနိုင်ငံသူ K-Pop ကြယ်ပွင့် မင်နီ(Minnie)၊ အဆိုတော်သရုပ်ဆောင် ယင်စီဝမ်(Yim Si Wan)၊ သရုပ်ဆောင် ကင်ဂိုအွန်း(Kim Go Eun) တို့ကလည်း မြန်မာ့ငလျင်ဘေးအတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ – အင်တာနက်
#KPop #Idols #JYP #jypentertainment #စစ်ကိုင်းငလျင် #ငွေလှူဒါန်း #Ayeyarwaddy_Times