
ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
စစ်ကောင်စီက နိုင်ငံတကာ၏ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရန်ပုံငွေများကို ထိန်းချုပ်၍ စစ်ရေးအကြမ်းဖက်မှုအား ဆက်လက်ကျူးလွန်မည်ကို စိုးရိမ်မှုများရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကိုယ်စားပြု မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
Parliamentary Action for Social Development and Justice ခေါင်းစဉ်ဖြင့် ဆွေးနွေးသော (၁၅၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ General Debate အစီအစဉ်တွင် မြန်မာ့အရေး ဆွေးနွေးပြောကြားသည့် မိန့်ခွန်း၌ ဒေါက်တာဝင်းမြတ်အေးက ထိုသို့ ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့အနေနဲ့ ဒီလိုခွင့်မပြုနိုင်ဘူး။ မြန်မာနိုင်ငံရှိ ပြည်သူတွေအတွက် မြန်မြန်ဆန်ဆန် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လက်လှမ်းမီနိုင်စေဖို့ ကူညီပေးပါ” ဟု မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ထို့အပြင် စစ်မှန်သော အပစ်အခတ် ရပ်စဲရေးနှင့် လေကြောင်းတိုက်ခိုက်မှုများ အပစ်အခတ် ရပ်စဲရေးအတွက် ထုတ်ဖော်ပြောပေးရန်၊ ဒီမိုကရေစီပြန်ရအောင် ကူညီပေးရန် တိုက်တွန်းတောင်းဆို ခဲ့သလို ယခုနှစ်သည် မြန်မာနှင့် ကမ္ဘာအတွက် စိန်ခေါ်မှုနှစ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။
မြန်မာနိုင်ငံတွင် လေးနှစ်ကျော် အာဏာသိမ်းယူထားစဉ် စစ်အာဏာရှင်များက အရပ်သားများကို ဆက်လက်သတ်ဖြတ်နေသလို စစ်ခေါင်းဆောင်များလည်း အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသည့် အတွက် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အဆက်မပြတ် ဖျက်ဆီးလျှက်ရှိသည်။
ထို့ကြောင့် လူမှုရေး၊ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ထိခိုက်ခဲ့ပြီး နေရာအနှံ့ နေရပ်စွန့်ခွာနေရမှု၊ စီးပွားရေးကျပ်တည်းမှုတို့ ဖြစ်ပေါ်စေကာ ရလဒ်အနေဖြင့် လူဦးရေထက်ဝက်နီးပါး ဆင်းရဲမွဲတေ၍ သုံးပုံတစ်ပုံကျော် အကူအညီ လိုအပ်နေကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသော ပဋိပက္ခကို ကြုံနေရချိန် နောက်ထပ်ဆိုးရွားသည့် သဘာဝဘေးများနှင့် ရင်ဆိုင်ခဲ့ရပြီး လူ ၃၅၀၀ နီးပါး သေဆုံး၍ ၅၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့သဖြင့် အသက်ရှင်ကျန်ရစ်သူများ အမိုးအကာ၊ အစားအစာ၊ ရေနှင့် ဆေးဝါးစောင့်ရှောက်မှု မရှိဘဲ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေကြောင်း သိရသည်။
“ဒီလိုဆိုးရွားတဲ့ အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ရချိန်မှာ ဘေးဒဏ်သင့် ဒေသတွေကို အရေးပေါ် အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေက အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
ထို့အပြင် အာဏာသိမ်း စစ်ကောင်စီသည် မတ် ၂၈ ရက် ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံတဝှမ်းရှိ အရပ်သားများကို ပစ်မှတ်ထား၍ မြို့နယ် ၃၂ ခုကို တစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး ထိုသို့တိုက်ခိုက်ရာတွင် ငလျင်ဒဏ်သင့် ဒေသများလည်း ပါဝင်ထိခိုက်ခဲ့ကြောင်း သိရသည်။
#နိုင်ငံတကာ #လူသားစာနာရန်ပုံငွေများ #စစ်ကောင်စီထိန်းချုပ် #အကြမ်းဖက်မှုများ #ဆက်လက်ကျူးလွန် #ဒေါက်တာဝင်းမြတ်အေး #Ayeyarwaddy_Times