ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်

စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးသင့်ပြည်သူများကို လာရောက်လှူဒါန်းသည့် အလှူငွေနှင့်ပစ္စည်းများကို ပျူစောထီးအဖွဲ့များနှင့် ရပ်ကျေးအုပ်ချုပ်သူများက ဖိအားပေးယူဆောင်နေကြောင်း သိရသည်။

ပျူစောထီးများသည် အလှူရှင်များ လာရောက်လှူဒါန်းသည့် ငွေနှင့်ပစ္စည်းများကို ၎င်းတို့စခန်းများနှင့် ပျူအဖွဲ့ဝင်များနေထိုင်သည့် ကျေးရွာများကို သွားရောက် လှူဒါန်းရန် ဖိအားပေးခိုင်းစေကြောင်း ဒေသခံများထံမှ သိရသည်။

“ပရဟိတကားတွေနောက်က ဆိုင်ကယ်တွေနဲ့ နောက်ကလိုက် ဖိအားပေးနေတာ”ဟုစစ်ကိုင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပျူစောထီးများက အလှူရှင်များ၏ ကားတန်းများနောက်ကို ဆိုင်ကယ်များဖြင့်လိုက်ပြီး အလှူ ပစ္စည်းများအား ၎င်းတို့လက်ထဲ အပ်နှံရန်နှင့် လိုအပ်သူများကို ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လှူဒါန်းပေးသွားမည်ဟု ပြောဆိုကြောင်း သိရသည်။

ထို့အပြင် စစ်ကိုင်းမှ မင်းကွန်းဘက်သို့ သွားရောက်မည့် အလှူရှင်အဖွဲ့များကိုလည်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ထားခြင်းမရှိပါက သွားရောက်ခွင့်မပြုကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင် အားပြင်းငလျင်ကြောင့် အကူအညီလိုအပ်နေသည့် စစ်ကိုင်းမြို့ခံ ပြည်သူများထံ လာရောက်ကူညီသည့် ကယ်ဆယ်ရေးပစ္စည်းများနှင့် အခြေခံစားသောက် ကုန်များကို စစ်ကိုင်းမြို့မှ တပ်မ ၃၃ တပ်ရင်းအတွင်း ပို့ဆောင်ခိုင်းကြောင်း သိရသည်။

စစ်ကိုင်းငလျင်ဒဏ်ကြောင့် မြို့အတွင်း သေဆုံးသူများ၏ ရုပ်အလောင်းများကို ယနေ့တိုင် တူးဖော် နေရဆဲဖြစ်ပြီး အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ပြည်သူများကို ထိထိရောက်ရောက် ကူညီနိုင်ရန်လုပ်ဆောင်နေသည် ထက် စစ်ကိုင်း ငလျင်နှင့် မန္တလေးငလျင်အခေါ်အဝေါ်ကို အဓိကထားပြုပြင်နေသည်ကို တွေ့ရသည်။

ဓာတ်ပုံ-အင်တာနက်
#စစ်ကိုင်း #ငလျင်သင့် #ကူညီကယ်‌ဆယ်ရေး #ပစ္စည်းများ #ပျူစောထီး #အုပ်ချုပ်ရေးမှူး #လက်ဝါးကြီးအုပ် #Ayeyarwaddy_Times