
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၉ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ PNA ပအိုဝ်းပြည်သူ့ စစ်အဖွဲ့က ပအိုဝ်းနှင့် ကယန်းလူမျိုးအပြင် ယခုအခါ ပအိုဝ်းနှင့် အင်းသားကိုပါ ဝါဒဖြန့် မှိုင်းတိုက် နေကြောင်း နှစ်ဖက်ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် PNA ပြည်သူ့စစ်အဖွဲ့သည် ဒေသတွင်း၌ လူမျိုးရေးခွဲခြား မှိုင်းတိုက်မှုများ ပိုမိုပြုလုပ်ခဲ့ရာ မကြာသေးမီတွင် ပအိုဝ်းနှင့် အင်းသားကိုပါ ထိုသို့လုပ်ဆောင်လာကြောင်း သိရသည်။
“PNA ဒီရက်ပိုင်း ဝါဒဖြန့်တဲ့ ကိစ္စရပ်က ပိုပြင်းထန်လာတယ်။ ယခင်ကတော့ ပအိုဝ်းနဲ့ ကယန်း။ အခုက ပအိုဝ်းနဲ့ အင်းကို ဝါဒမှိုင်းဖြန့်နေတယ်လို့ ပြောလို့ရတယ်” ဟု ပအိုဝ်းဒေသခံ လူငယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ PNA ပြည်သူ့စစ် တပ်စွဲထားသော ဒေသများရှိ ကျေးရွာများသည် ၎င်းတို့အတွက် နေ့စဉ်ထမင်းထုပ် ပို့ပေးနေရပြီး ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ညောင်ရွှေတိုက်ပွဲအတွက် ထမင်းထုပ် ပေးပို့ရာတွင်လည်း PNA က ဝါဒဖြန့်ခဲ့ကြောင်း သိရသည်။
ယင်းမှိုင်းတိုက်မှုကို PNA သတင်းပြန်ကြားရေးမှ ဗိုလ်ကြီးအဆင့်ရှိသူဟု သိရှိရသော ဆန်အောင်က အဓိကလုပ်နေသလို PA-O Pay အမည်ရှိ facebook အကောင့်တွင်လည်း အင်းဒေသခံ ပေးပို့သော ထမင်းထုပ်တွင် အဆိပ်ပါဟု ပအိုဝ်းဘာသာဖြင့် စွပ်စွဲရေးတင်ခဲ့ကြောင်း သိရသည်။
ထိုအရာသည် မဟုတ်မမှန်သလို ၎င်းတို့အား ထမင်းထုပ်ပို့ပေးသည်မှာ အင်းလေးဒေသခံဟုဆို သည်မှာလည်း ရာခိုင်နှုန်း အလွန်နည်းပြီး PNA အနေဖြင့် ငလျင်ဒဏ်သင့် အင်းလေးဒေသကိုလည်း ကူညီပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် ရှမ်းတောင်ဒေသများအနက် ငလျင်ဒဏ် အဆိုးဝါးဆုံး ထိခိုက်မှုကြုံရသော အင်းလေး ဒေသကို ပအိုဝ်းလူငယ်အများစုက ကူညီနေကြပြီး ထိုအရာကို PNA ပြည်သူ့စစ်အဖွဲ့က ၎င်းတို့ ကူသယောင် ဝါဒဖြန့်၍ လူမျိုးရေး မှိုင်းတိုက်နေကြောင်း အင်းလေးဒေသခံတစ်ဦးက ဆိုသည်။
“အဲဒါမျိုးတွေဆိုရင် PNA က ငါတို့ပအိုဝ်းတွေဘက်က ကူညီကြတယ်။ အင်းသားတွေက အဲလိုမဟုတ် စေတနာ မရှိဘူး စတာမျိုးတွေနဲ့ ဝါဒဖြန့် မှိုင်းတိုက်တာတွေ လုပ်နေတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယင်းအပြင် PNA ပြည်သူ့စစ်သည် စစ်ကောင်စီနှင့်အတူ ထိန်းချုပ်တပ်စွဲထားသော ရှမ်းတောင်ရှိ ကျေးရွာများကို ထမင်းထုပ် ပို့ခိုင်းခြင်း၊ ထမင်းဖိုးဟူ၍ အကြောင်းပြကာ ငွေကြေးကောက်ခံခြင်းနှင့် အရက်သေစာ စသည်တို့ကို လုပ်ဆောင်ပေးရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ – PA-O Pay
#ရှမ်းတောင် #PNAပြည်သူ့စစ် #ပအိုဝ်း #ကယန်း #အင်းသား #လူမျိုးရေးခွဲခြား #ဝါဒဖြန့် #Ayeyarwaddy_Times