ဧရာ၀တီတိုင်းမ်
ဧပြီ ၉ ရက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဖြစ်ပေါ်နေသည့် နယ်မြေအငြင်းပွားမှုကို အခြေခံသော နိုင်ငံရေး ပွတ်တိုက်မှုများနှင့် ပတ်သတ်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA )နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့ကြား ဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ကွတ်ခိုင်၊ မန်တုံနှင့် မိုးမိတ်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်န၀ါရီ၊ ဖေဖော်၀ါရီနှင့် မတ်လအတွင်းက ကချင် လွတ်လပ်ရေးတပ်မတော် (KIA ) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အောက်ခြေတပ်ဖွဲ့ဝင်များအကြား နယ်မြေအငြင်းပွားမှုနှင့် ပတ်သက်၍ အပြန်အလှန်ထိုးကြိတ် ရိုက်နှက်သည့် ရန်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့ဝင် ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို တပ်ဖွဲ့ဝင် လေးဦး ကိုလည်း TNLA က ဖမ်းဆီးခဲ့သောဖြစ်စဥ်များ ပေါ်ပေါက်ခဲ့သည်။

နိုင်ငံရေးပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့သည့်နောက် KIO နှင့် PSLF ခေါင်းဆောင်များ ဆွေးနွေးပွဲပြုလုပ်၍ ညှိနှိုင်းဖြေရှင်းကြရန် သဘောတူညီခဲ့ပြီး ယခုအခါ ရှေ့ပြေးညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း ကချင် လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ၎င်း၏ လူမှုကွန်ရက်မှ တစ်ဆင့် အသိပေးပြောကြားထားသည်။

“KIO နဲ့ PSLF နှစ်ဖွဲ့ ဆွေးနွေးပွဲအတွက် ရှေ့ပြေးညှိနှိုင်းရေးများ စတင်နေပါပြီ။ သက်ဆိုင်ရာ ဒေသအတွင်းရှိ မိဘပြည်သူများ နားလည်ကူညီပေးကြပါရန်နှင့် အွန်လိုင်းသုံးစွဲသူများ၊ မီဒီယာများ၊ အကြံပေးထောက်ပြ လိုသူများထံမှလည်း အပြုသဘောဆောင်သောကူညီပံ့ပိုးမှုများကို မျှော်လင့် ပါသည်”ဟု ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွမ်မော်က ဆိုသည်။

KIA နှင့် TNLA တို့သည် စစ်ကောင်စီကို တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်တပ်ဖွဲ့များ(EROs) ဖြစ်သည့်အပြင် နီးကပ်သည့် မဟာမိတ်ဆက်ဆံမှုများရှိသော်လည်း အောက်ခြေတပ်ဖွဲ့ဝင်များသည် စစ်ဆေးရေးဂိတ်စခန်းများဖွင့်လှစ်ခြင်း၊ အခွန်ကောက်ခံခြင်းတို့နှင့် ပတ်သက်၍ နယ်မြေအငြင်းပွားမှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

စစ်ကောင်စီကို တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း ယခုကဲ့သို့ အပြန်အလှန်ဆွေးနွေး၍ နားလည်မှုရအောင်ယူမည့်ကိစ္စသည် ကောင်းမွန်သည့်အရာဖြစ်ပြီး အောင်မြင်မည်ဟု ယုံကြည်ကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ပြောကြားသည်။

“စစ်ကောင်စီကို မလိုလားတဲ့သူတွေ၊ စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အဖွဲ့အသီးသီး အဲလိုအပြန် အလှန်ဆွေးနွေး နားလည်မှုရအောင်ယူတာ ကျွန်မကတော့ သိပ်သဘော ကျတယ်။ ကောင်းလည်းကောင်းတယ်လို့ မြင်ပါတယ်။ အောင်မြင်မှာပါ” ဟု ဒေါက်တာလှကျော်ဇော က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလတွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာဒေသတွင် နယ်မြေအငြင်းပွားမှုကြာင့် KIA နှင့် TNLA ရဲဘော်များ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ဖေဖော်၀ါရီလအတွင်းကလည်း မန်တုံမြို့နယ်၊ မာန်မောက်ရွာအနီးရှိ TNLA စစ်ဆေး‌ရေးဂိတ်ကို KIA တပ်ဖွဲ့၀င်များ လာရောက်ဖျက်ဆီးခဲ့သဖြင့် နှစ်ဖက်တပ်များအကြား ရိုက်နှက်မှုများဖြစ်ပွားခဲ့ပြီး KIA တပ်ဖွဲ့၀င် ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့ကလည်း မိုးမိတ်မြို့နယ်၊ မိုင်းလုံကျေးရွာရှိ KIA တပ်ဖွဲ့၀င် လေး ဦးကို TNLA က ဖမ်းဆီးခေါ်‌ဆောင်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။

“တစ်ခုသတိပေးချင်တာက ဒီလိုကာလမျိုးမှာ စစ်ကောင်စီကလည်း ကျွန်မတို့ အချင်းချင်းကြားမှာ သပ်လျှိုတာတွေဘာတွေ လုပ်နိုင်တယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စကို သတိထားကြပါလို့ပဲ သတိပေးချင် ပါတယ်။ အချင်းချင်းကြားမှာ နားလည်မှုရှိစွာနဲ့ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှဖို့ လိုတယ်။ အနစ်နာခံသင့် ခံရမှာပေါ့။ ကျွန်မတို့အချင်းချင်းကွဲရင် စစ်ကောင်စီရဲ့ သက်တမ်းက ပိုရှည်သွားလိမ့်မယ်” ဟု ဒေါက်တာလှကျော်ဇောက ဆိုသည်။

#KIA #TNLA #နယ်မြေအငြင်းပွားမှု #ဒုဗိုလ်ချုပ်ကြီးဗိုလ်ဂွမ်မော် #ဒေါက်တာလှကျော်ဇော် #Ayeyarwaddy_Times