
(တွန်းဇံ)၊ဧရာဝတိုင်းမ်
ဧပြီ ၉ ရက်
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့တွင် ချင်းလဲန်းကောင်စီ (CC) နှင့် ဇိုမီးတော်လှန်ရေးတပ် (ZRA)တို့ဖြစ်ပွားသည့် တိုက်ပွဲတွင် ကျေးရွာနှစ်ရွာ မီးရှို့ခံရပြီး ရွာလုံးကျွတ်မီးလောင်ပြာကျကာ ပြည်သူများ အကူအညီများလိုအပ်နေကြောင်း ဒေသခံများထံက သိရှိရသည်။
ဧပြီ ၃ ရက်နှင့် ၄ ရက်နေ့တွင် တွန်းဇံမြို့ရှိ CC တပ်စခန်းများကို ZRA မှ ထိုးစစ်ဆင်တိုက်ခိုက်ပြီး ZRA သည် ဧပြီလ ၄ ရက်နေ့တွင် နတ်ဇန်ကျေးရွာနှင့် ဧပြီလ ၆ရက်နေ့တွင် Buangmualကျေးရွာတို့ကို မီးရှို့ခဲ့သည်။
“တွန်းဇံတိုက်ပွဲက အထိနာပြီး တပ်ဆုတ်ခွာလာတဲ့ ZRA က နတ်ဇန်ရွာနဲ့ Buangmual ရွာတို့ကို မီးရှို့ခဲ့တာပါ။ နတ်ဇန်ရွာဆို ဘုရားကျောင်းကလွဲရင် တစ်ရွာလုံး မီးလောင်ပြာကျသွားတယ်” ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ZRA ၏ မီးရှို့မှုကြောင့် နတ်ဇန်ကျေးရွာမှ အိမ်ခြေ ၇၅ လုံးနှင့် Buangmual ကျေးရွာမှ အိမ်ခြေ ၃၄ လုံးသည် မီးလောင်ပြာကျသွားပြီး လူဦးရေ ၅၀၀ ကျော်သည် အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း သိရှိရသည်။
“ချင်းအဖွဲ့အစည်းတွေကနေ နည်းပါးထောက်ပံ့တာတွေ၊ အသိမိတ်ဆွေ၊ ဆွေမျိုးတွေက ကူညီထောက်ပံ့ပေးတာတွေနဲ့ လောလောဆယ် စားသောက်နေရပါတယ်။ ဒါပေမဲ့ လုံလောက်မှုမရှိသေးဘူး။ အကူအညီတွေက လိုအပ်နေပါသေးတယ်” ဟု တွန်းဇံမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တွန်းဇံမြို့နယ်တွင် CC နှင့် တိုက်ပွဲဖြစ်နေသည့် ZRA က ဧပြီလ ၄ ရက်နေ့တွင် နတ်ဇန်ကျေးရွာကို မီးရှို့၍ လူနေအိမ် ၇၅ လုံး ပြာကျသွားကာ လူဦးရေ ၃၅၀ သည် အရေးပေါ်အကူအညီများ လိုအပ်နေကြောင့် ဧပြီလ ၅ ရက်နေ့တွင် ချင်းလူ့အခွင့်ရေး (CHRO) က ထုတ်ပြန်ထားသည်။
ဧပြီလ ၃ရက်နှင့် ၄ ရက်နေ့က ဖြစ်ပွားသည့်တိုက်ပွဲတွင် CC နှင့် ZRA တို့ နှစ်ဖက်ထိခိုက်ကျဆုံးမှုများကြောင့် လက်ရှိတွင်လည်း စစ်ရေးတင်းမာနေကြောင်း သိရသည်။
#ချင်းလက်နက်ကိုင်အချင်းချင်း #တိုက်ပွဲ #ကျေးရွာ၂ရွာမီးရှို့ခံရ #တွန်းဇံမြို့နယ် #Ayeyarwaddy_Times